
ချင်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ စစ်အုပ်စုက သင်္ကြန်ပွဲတော် ကျင်းပဖို့ စည်းရုံးလှုံ့ဆော်နေပြီး အတင်းအကျပ်စေခိုင်းတာတွေ ရှိနေတာကြောင့် မပါဝင်ကြဖို့ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ဒီကနေ့ ဧပြီလ ၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံအနှံအပြားမှာ စစ်အုပ်စုက ပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး နိုင်ငံရေးအခြေအနေအရပ်ရပ်ကို တည်ငြိမ်အောင်ထိန်းချုပ်နိုင်ကြောင်းနဲ့ အုပ်ချုပ်ရေးယန္တရားအသက်ဝင်သယောင် ပြသနိုင်ဖို့အတွက် သင်္ကြန်ပွဲတော်ကို စည်ကားအောင် ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးဆင်နွှဲနေသူတွေနဲ့ ပြည်သူတွေအကြားမှာ နားလည်မှုလွဲမှားအောင် လှည့်စားကြိုးပမ်းနေတာကြောင့် စစ်အုပ်စုရဲ့ သင်္ကြန်ပွဲတော်ကို မပါဝင်ဖို့နဲ့ ညီညွတ်မှုကို ဆက်လက်ဖော်ထုတ်ကြဖို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက တိုက်တွန်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။