ဗဟိုဘဏ် ဒုဥက္ကဌ ဒေါ်သန်းသန်းဆွေ နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရ

Photo- လူမှူကွန်ရက်
ဗဟိုဘဏ် ဒုဥက္ကဌ ဒေါ်သန်းသန်းဆွေ ဒီကနေ့ မနက်ပိုင်းက နေအိမ်မှာ သေနတ်နဲ့ ပစ်ခံလိုက်ရတယ်လို့ ဗဟိုဘဏ်ဝန်ထမ်း အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
“ဟုတ်တယ်။ အပစ်ခံလိုက်ရတယ်။ အခု ဆေးရုံမှာ အရေးပေါ်ကုသနေရတယ်။” လို့ အမည်မဖော်လိုတဲ့ ဗဟိုဘဏ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဒေါ်သန်းသန်းဆွေဟာ ဗဟန်းမြို့နယ်က သူနေထိုင်တဲ့ ရွှေဂုံရိပ်မွန်အိမ်ယာမှာ ရှိနေချိန် ပစ်ခတ်ခံလိုက်ရတာလို့ ကနဦးသိရပါတယ်။
ဒီဖြစ်စဥ်မှာ ဘယ်သူက ပစ်ခတ်သွားတယ်ဆိုတာ မသိရသေးဘဲ ရွှေဂုံရိပ်မွန်အိမ်ယာအနီး နေထိုင်သူ တစ်ဦးကတော့ မနက် ၉ နာရီကျော်လောက်က သေနတ်သံ လေးချက်ထက်မနည်း ကြားလိုက်ရတယ်လို့ ​​ပြောပါတယ်။ “မနက်က သေနတ်သံ လေးချက်လောက်ကြားလိုက်ရတယ်။ ၉နာရီလောက်က” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူနေတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပြီး သေဆုံးမှု ရှိ မရှိကိုတော့ မသိရသေးပါဘူး။
ဒေါ်သန်းသန်းဆွေဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ ဗဟိုဘဏ်ဒုဥက္ကအဖြစ် စစ်အုပ်စုက ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။