စစ်အုပ်စုရဲ့ ယာဉ်တန်းကို KIAပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်

ကချင်ပြည်နယ် မံစီမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIAက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
KIA တပ်မဟာ (၂) တပ်ရင်း ၂၇ နယ်မြေအတွင်း ဝင်ရောက်လာတဲ့ အင်အား ၂၀၀ခန့်ပါဝင်တဲ့ စစ်အုပ်စုရဲ့ ကားလေးစီးပါ ယာဉ်တန်းကို ဒီကနေ့ ဧပြီလ ၆ရက်နေ့ နေ့လည် ၁၁နာရီ​လောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
တပ်မဟာ (၂) တပ်ရင်း ၂၀ နယ်မြေဖြစ်တဲ့ တနိုင်း-လီဒိုလမ်း လဝါးကျေးရွာနဲ့ ဒွန်ဘန်ကျေးရွာအကြားမှာလည်း အင်အား ၆၀နီးပါးနဲ့ စစ်ရေးလှုပ်ရှားလာတဲ့ စစ်အုပ်စုကို KIA ပူးပေါင်းတပ်ဖွဲ့က မနေ့က ဧပြီလ ၅ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ထိတွေ့ တိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ထိခိုက်သေဆုံးသူတွေရှိခဲ့ပြီး​နောက် ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
KIA ထိန်းချုပ်နယ်မြေတွေအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားနေပြီး ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဓာတ်ပုံ-KIA