တောင်ဥက္ကလာပမြို့နယ် KBZဘဏ်ခွဲ ဓားပြတိုက်ခံရ

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းမပေါ်က ကမ္ဘောဇဘဏ်ခွဲမှာ ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၂ထောင်ကျော် ဓားပြတိုက်ခံခဲ့ရတယ်လို့ အနီးဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၆ရက်နေ့ မွန်းလွဲ ၂နာရီလောက်က တောင်ဥက္ကလာပမြို့နယ် ကမ္ဘောဇဘဏ်ခွဲကို အမည်မသိ အမျိုးသား၄ဦးက ကားတစ်စီးနဲ့ ရောက်ရှိလာပြီး သေနတ်ပြကာ ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ရဲနဲ့စစ်သားတွေက မီးပွိုင့်ကို လေးဘက်ပိတ်ပြီး စစ်နေလို့ ဘာဖြစ်တာလဲလို့ မေးတော့မှ ဓားပြတိုက်ခံရတာကို သိတာ၊ မီးပျက်တဲ့အချိန်မှာ လုံခြုံရေးဝန်ထမ်းတွေကိုပါ ဝင်တိုက်ပြီးတော့ ဓားပြတိုက်သွားတာလို့ ပြောတယ်၊ သိန်း၂ထောင်ကျော် ပါသွားတယ်လို့ ပြောတယ်”လို့ အခင်းဖြစ်စဉ်အနီးဝန်းကျင်ကို ရောက်ရှိခဲ့သူ တစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်မှာ ဘဏ်ဓားပြတိုက်မှုတွေ၊ ဘဏ်ငွေသယ်ကား ဓားပြတိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။