ကဝသုံးနေရာမှာ အဝေးထိန်းမိုင်းဖောက်ခွဲ၊ ပြည်သူတွေ ရှိနေလို့ ရလဒ်လွဲချေ

ပဲခူးတိုင်း၊ ကဝမြို့နယ်အတွင်း အကြမ်းဖက်စစ်ရေးပစ်မှတ် ၃ နေရာကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲခဲ့ပေမဲ့ ပြည်သူတွေ ရှိနေတာကြောင့် ရလဒ်လွဲချော်ခဲ့ရကြောင်း ကဝ PDF က ထုတ်ပြန်ပါတယ်။
မနေ့က ကဝမြို့နယ်၊ သက္ကလမြို့ထဲ စစ်အုပ်စုစီးနင်းလာတဲ့ကား၊ ကဝမြို့ ငါးထပ်ကြီးဘုရားလမ်းထိပ်ရှိ ကင်းဂိတ်နဲ့အုန်းနှဲကျေးရွာ ကင်းဂိတ်တို့ကို တိုက်ခိုက်ခဲ့ပေမဲ့ ပြည်သူတွေဟာ အကြမ်းဖက်စစ်သား၊ ရဲတို့နဲ့ ရောနေခြင်းနဲ့ စစ်သားနဲ့ရဲတို့အနီးအနား သွားလာနေကြခြင်းကြောင့် ပြည်သူတွေထိခိုက်မှာစိုးလို့ ချင့်ချိန်ဖောက် ခွဲခဲ့ရကြောင်း သိရပါတယ်။
‘မနေ့က ပေါက်ကွဲတာတွေက ဟုတ်တယ်။ လူတွေရှိနေတာက စစ်ခွေးတွေကို အကာအကွယ်ပေးသလို ဖြစ်နေတာလည်း ဟုတ်ပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ခွေးတွေနားသွားလာလည်း ဘာမှမဖြစ်ဘူး ထင်နေတော့ ပြောက်ကျားတွေ လုပ်ရကိုင်ရခက်တယ် ထင်ပါတယ်။ ပြည်သူတွေကို ထိခိုက်မိရင် ပြည်သူ့မျက်နှာမကြည့်ဘူးလားလို့ အပြောခံရဦးမယ်’ လို့ကဝမြို့၊ ၃ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ကဝမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးနဲ့ သတင်းပေးတွေကို ပိုမိုထိရောက်ပြင်းထန်စွာ တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုတွေအနားမှာ မနေကြဖို့ ကဝ PDF က အထူးသတိပေးထားပါတယ်။