အမေရိကန်ရောက် မြန်မာကျောင်းသားတွေကို ပညာတော်သင်ဆုပေးမယ်

Photo – RFA
အမေရိကန်နိုင်ငံမှာ လက်ရှိ တက္ကသိုလ်တက်ရောက်နေပြီး ဆက်လက်ပညာသင်ယူဖို့ အခက်အခဲရှိနေတဲ့ မြန်မာကျောင်းသားတွေအတွက် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက တစ်နှစ်ကိုအမေရိကန်ဒေါ်လာ နှစ်သန်းနီးပါးနဲ့ သုံးနှစ်အထိ ပညာတော်သင်ဆု ပေးအပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
မနေ့က ဧပြီလ ၅ ရက်နေ ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန (CSIS) တို့ ပူးပေါင်းပြုလုပ်တဲ့ အမေရိကန်-အင်ဒို-ပစိဖိတ် ဆွေးနွေးပွဲမှာ အခုလို ကြေညာခဲ့တယ်လို့ RFA သတင်းဌာနက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို အလေးထား ဂရုစိုက်သူတွေ အနေနဲ့ နိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့ မြန်မာလူငယ်တွေကို ကူညီထောက်ပံ့ပေးပြီး မြန်မာနိုင်ငံရဲ့ အလားအလာကောင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးကြဖို့ လိုတယ်လို့ ပညာတော်သင်ဆု ရန်ပုံငွေအဖွဲ့မှာ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း မစ္စတာ ဒဲရက်မစ်ချယ်ကပြောသွားပါတယ်။
ဒီအစီအစဉ်အရအမေရိကန်ပြည်ထောင်စုမှာလက်ရှိရိုးရိုးဘွဲ့နဲ့မဟာဘွဲ့တွေအတွက်တက္ကသိုလ်တက်ရောက် နေပြီး ဆက်လက်ပညာသင်ယူဖို့ အခက်အခဲရှိနေတဲ့ မြန်မာကျောင်းသား သုံးဆယ်ကျော် လေးဆယ်အထိ ရွေးချယ် ပေးအပ်သွားမှာဖြစ်ပါတယ်။ရွေးချယ်ခံရတဲ့ ကျောင်းသားတစ်ဦးကို တစ်နှစ်အတွက် အမေရိကန်ဒေါ်လာငါးထောင်နဲ့ သုံးနှစ်အထိ ပေးအပ်သွားမယ်လို့ သိရပါတယ်။
အမေရိကန်-အင်ဒို-ပစိဖိတ် အစည်းအဝေး (US-Indo-pacific Conference) ဆွေးနွေးပွဲကို အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) တို့ ပူးတွဲပြီး ဝါရှင်တန်ဒီစီမြို့တော်က CSIS ရုံးချုပ်မှာ ဧပြီလ ၅ ရက်နဲ့ ၆ ရက်၊ နှစ်ရက်ကြာ ပြုလုပ်နေတာ ဖြစ်ပါတယ်။