ကျောင်းသားခေါင်းဆောင် ကိုခန့်သူအောင် ထောင်တွင်းမှာ ရိုက်နှက်နှိပ်စက်ခံရလို့ အချိန်မီဆေးကုသဖို့ လိုအပ်နေ

Photo – YUESU
ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ကျောင်းသားသမဂ္ဂ(YUESU) ဥက္ကဌ ကိုခန့်သူအောင်ဟာ အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တွေရဲ့ အပြင်းအထန် ရိုက်နှက်နှိပ်စက်မှုကို ခံခဲ့ရတဲ့အတွက် အချိန်မှီဆေးကုသမှုတွေ လိုအပ်နေတယ်လို့ YUESU က ထုတ်ပြန်ပါတယ်။
မတ်လ ၃၁ရက်က ပုဒ်မ ၅၀၅(က)နဲ့ ထောင်သုံးနှစ်ချခံလိုက်ရတဲ့ ကိုခန့်သူအောင်ကို အင်းစိန်ထောင် အာဏာပိုင်တွေက မုဒိန်းရာဇဝတ်အကျဥ်းသားတွေကိုထားတဲ့ အဆောင် ၅ ကို မတရားပြောင်းရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ထောင်အာဏာပိုင်တွေက ပုံစံထိုင်ခိုင်းတာကို နိုင်ငံရေးအကျဥ်းသားဖြစ်တာကြောင့် မထိုင်ဘဲ ငြင်းဆန်ခဲ့တာကြောင့် ကိုခန့်သူအောင်ဟာ ပြင်းပြင်းထန်ထန် ထိုးကြိတ်ရိုက်နှက်နှိပ်စက် မှုတွေကို ခံခဲ့ရတယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မတရား ရိုက်နှက်ခံခဲ့ရတာကြောင့် ကိုခန့်သူအောင်ရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်နေရတယ်လို့ သိရပြီး အချိန်မှီဆေးကုသခွင့် လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် လက်ရှိမှာ သူ့ကိုထောင်ဝင်စာလည်း ပိတ်ထားပါတယ်။
အခုလို ကျောင်းသားသမဂ္ဂအဖွဲ့ဝင် နိုင်ငံရေး အကျဥ်းသားတစ်ဦးကို မုဒိန်းရာဇဝတ်သားတွေနဲ့ အတူထားရှိတာဟာ နိုင်ငံရေး အကျဥ်းသား အခွင့်အရေးချိုးဖောက်တာ ဖြစ်တယ်လို့ ဆိုထားပြီး အမြန်ဆုံး အဆောင်ပြောင်းနိုင်ရေးအတွက် တောင်းဆိုမှုတွေ လုပ်နေတယ်လို့ YUESU က ဆိုထားပါတယ်။