အုန်းနှဲ၊ သက္ကလနဲ့ ကဝမြို့ အထက်တန်းကျောင်းတွေနားမှာ ဗုံးပေါက်ကွဲ

ပဲခူးတိုင်း ကဝမြို့နယ်အတွင်းရှိ အုန်းနှဲ၊သက္ကလနဲ့ကဝမြို့တို့က တက္ကသိုလ်ဝင်စာမေးပွဲ ပြုလုပ်နေတဲ့အထက်တန်းကျောင်းတွေ အနီးမှာ ဒီနေ့မနက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။
အုန်းနှဲကျောင်းရှေ့မှာ ဒီမနက် ၁၁နာရီလောက်က စစ်အုပ်စုပြုလုပ်တဲ့ တက္ကသိုလ် ဝင်စာမေးပွဲဖြေနေတုန်းမှာ အသံကျယ်လောင်တဲ့ ဗုံးပေါက်ကွဲခဲ့ရာမြေကြီးပါ တုန်သွားခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာKawaInformation ကဖော်ပြပါတယ်။
ဒီနေ့မနက်၈နာရီကျော်လောက်ကလည်း ကဝမြို့ အထက်တန်းကျောင်းရဲ့ကျောင်းလမ်းထိပ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ကဝမြို့ ၃ရပ်ကွက်နေပြည်သူတစ်ဦးက ‘ကျောင်းလမ်းထိပ်မှာ ဗုံးကွဲတာဟုတ်တယ်။ အသံကြားရတယ်။
ဗုံးပေါက်ပြီးတာနဲ့ စစ်ခွေးတွေရောက်လာလို့ အခြေအနေသွားမကြည့်ရဲဘူး’လို့ ပြောပါတယ်။
ဒီနေ့မနက် ၇နာရီလောက်ကလည်း သက္ကလမြို့ အထက်တန်းကျောင်းနဲ့သိပ်မဝေးတဲ့ မြို့မရပ်ကွက်၊ ရုပ်ရှင်ရုံနားမှာ စာမေးပွဲမေးခွန်းလာပို့တဲ့ အကြမ်းဖက်စစ်ကား မိုင်းဆွဲခံရပြီး ပွတ်ကာသီကာ ကားလွတ်မြောက်သွားတယ်လို့ Kawa Information က ဆိုပါတယ်။