သစ်ခိုးထုတ်နေတယ်လို့ ဒေသခံတွေအကြား သတင်းထွက်ပေါ်နေတဲ့ စစ်ကိုင်းတိုင်း မော်လိုက်မြို့မှာရှိတဲ့ သစ်တောရုံးဝင်းအတွင်း ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၅ ရက်နေ့ မနက် ၆ နာရီလောက်က မြို့မ ၂ ရပ်ကွက် အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ စစ်အုပ်စု လက်အောက်ခံ သစ်တောရုံးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အဆောက်အဦခေါင်မိုးနဲ့ ပြတင်းပေါက်မှန်အချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“မနေ့ကည ၁၂ နာရီလောက်မှ တစ်ကြိမ်ပေါက်သေးတယ် ၊ အဲ့လိုပေါက်လို့ ဒီမနက်ကျတော့ စကစက လာစစ်တာ သူတို့လာစစ်တဲ့အချိန်မှာ နောက်တစ်ကြိမ် ထပ်ပေါက်တာ၊ ရုံးထဲမှာ မပေါက်သေးတဲ့ ဗုံးတစ်လုံးလဲ တွေ့တယ်လို့ ပြောကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။