စစ်တပ်ရိက္ခာတင် စက်လှေတစ်စီး ၇၉(မမ) ကျည်ထိပြီး နစ်မြုပ်

PHOTO-မြို့လှPDF
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာတင် စက်လှေတစ်စီး ၇၉(မမ) ကျည်ထိကာ နစ်မြုပ်သွားတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၆ နာရီခွဲလောက်မှာ ကသာမြို့နယ်၊ ကျောက်ကြီးရွာကနေ မြို့လှရွာဘက် စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာတင်စက်လှေ ၄ စီးကို မြို့လှ PDF က ၇၉(မမ) ကျည်နဲ့ စောင့်ကြိုပစ်ခတ်ခဲ့ရာ ဘိုကုန်းရွာအနီးအရောက် စက်လှေတစ်စီး ရေဝင်နစ်မြုပ်ခဲ့ကြောင်း မြို့လှ PDF က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ နစ်မြုပ်သွားတဲ့စက်လှေက ရိက္ခာတွေကို အလောသုံးဆယ် ဆယ်ယူနေကြတယ်လို့လည်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ကမ်းစောင့်တပ်တွေဟာ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ မြို့လှ PDF ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
‘ကျွန်တော်တို့ဘက်မှာ စစ်ခွေးတွေရေလမ်းကနေ ရိက္ခာသယ်တာ၊လူသယ်တာတွေလုပ်ကြတယ်။ PDF တွေက မြစ်ကျဉ်းတဲ့ နေရာတွေကနေ စောင့်တိုက်တာ အမြဲခံနေရလို့ သူတို့ရေကြောင်းကလာရင် အတိုက်ခံရလေ့ရှိတဲ့ နေရာတွေရဲ့ ကမ်းနံဘေးတွေမှာ စစ်တပ်ကင်းချပြီး စောင့်ကြတယ်။
PDF တွေက နယ်မြေကျွမ်းကျင်ပြီး လူထုထောက်ခံတော့ ဘယ်လိုကင်းချချ၊ ဘယ်နေရာကနေ စောင့်တိုက်ရမလဲ ကောင်းကောင်းသိတယ်’ လို့ ကသာမြို့၊ ရပ်ကွက် ၅ နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
မြို့လှ PDF ရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ မြို့လှ PDF ကထုတ်ပြန်ပါတယ်။