ဧပြီလဆန်းအထိ သင်္ကြန်ဝိဉာဉ် ကင်းမဲ့နေတဲ့ ရန်ကုန်

စစ်အုပ်စုက ရန်ကုန်မြို့လယ်မှာ မဏ္ဍပ်တွေ ဆောက်ပြပြီး သင်္ကြန်ပွဲ လုပ်ပြဖို့ ပြင်နေပေမယ့် သင်္ကြန်သီချင်း နားထောင်ဖို့တောင် စိတ်မပါကြဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။
စစ်အာဏာမသိမ်းခင် နှစ်တွေက သင်္ကြန်ပွဲတော်ရက် မတိုင်ခင် ဖေဖော်ဝါရီလကုန် ပိုင်းလောက်အထိ ရန်ကုန်မှာ သင်္ကြန်သီချင်းသံတွေ ကြားရတတ်ပါတယ်။
‘ပုံမှန်ဆို ၂ လပိုင်းလောက်ထဲက သင်္ကြန်သီချင်းတွေ ကြားရပြီ။ သီချင်းအသစ်တွေလည်း ကောင်းတာ၊ မကောင်းတာထား အပြိုင်ထွက်လာကြတာပဲ။ မနှစ်ကရော ဒီနှစ်ကတော့ သင်္ကြန် သီချင်းဖွင့်မယ်ကြံတိုင်း မျက်လုံးနဲ့ ဟိုကောင်တွေ ရက်ရက်စက်စက် ပစ်သတ်တာတွေ ပြန်ပြန်မြင်လို့ မဖွင့်ဘူး။ နားမထောင်ဘူး’ လို့ ကျောင်းမြောင်းမှာနေတဲ့ CDM ဘဏ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
သင်္ကြန်သီချင်းသံတွေကို ရန်ကုန်က Shopping Centre ကြီးတွေ၊ စျေးတွေ၊လို လူစည်ကားရာ နေရာတွေသာမက လူနေရပ်ကွက်တွေထဲမှာလည်း ဖွင့်ကြတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
တစ်နိုင်ငံလုံး စိတ်ဆင်းရဲနေရချိန်မှာ သင်္ကြန်သီချင်းဖွင့်ပြီး စျေးရောင်းဖို့ လိပ်ပြာမလုံသလို စိတ်လည်းမပါဘူးလို့ မင်္ဂလာစျေးမှာ စျေးရောင်းချနေသူ တစ်ဦးက ပြောပါတယ်။
‘ကိုယ်လည်း ဗမာလူမျိုးပဲ။ သင်္ကြန်ဆို အရင်ကတော့ ဘယ်ပိုးသေးပါ့မလဲ။ သင်္ကြန်နားနီးလာပြီဆို သင်္ကြန်သီချင်းလေးဖွင့်ထားပြီး စျေးရောင်းမှ အရသာရှိတာ။ အခုကတော့ အဲ့လို ဖွင့်ဖို့ ဘယ်လိုမှကို အဆင်မပြေဘူး။ သင်္ကြန်ဆိုတာ မရှိတော့ဘူးလို့ကို ခံစားနေရတယ်’လို့ သူက ပြောပါတယ်။
စစ်အုပ်စုက မြို့တော်ခန်းမရှေ့မှာ မဏ္ဍပ်ကြီးဆောက်ပြီး သင်္ကြန်ပြုလုပ်ဖို့ စီစဉ်နေခဲ့ပေမယ့် ရန်ကုန်မြို့ခံတွေ ကတော့ မဆင်နွှဲချင်ဘူးလို့ သိရပါတယ်။
ဒါ့အပြင် မြို့ခံတွေက စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်အောက် ၂၀၁၀ခုနှစ် သင်္ကြန်အကြတ်နေ့ က X2O မဏ္ဍပ်မှာ ဗုံးပေါက်သလိုမျိုး ဖြစ်စဉ်တွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
‘X2O ပေါက်တုန်းက ကျွန်တော်တို့ ကားလည်နေတုန်း စ အဝင်လေးတင်ဗျ။ ပေါက်တယ်ဆိုတော့ ပြန်လှည့်ရတာ။ ပြီးတော့ တရားခံက မပေါ်ဘူး။ အပြစ်မဲ့တဲ့ သူက ထိုးကျွေးခံရတယ်။ အခုလည်း ဒီကောင်တွေ သင်္ကြန်လုပ်ချင်နေတာ အကွက်ဟောင်းတွေ ထိုးချဖို့ ကြံနေတယ်ပဲမြင်တယ်’ လို့ ၂၀၁၀ခုနှစ် X2O မဏ္ဍပ် ဗုံးပေါက်မှုကို မြင်တွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်။