ဘရာဇီးမှာ မိုးကြီးပြီးမြေပြိုလို့ လူ ၁၄ယောက်မနည်းသေဆုံး

Photo – Reuters

ဘရာဇီးနိုင်ငံ ၊ ရီယိုဒီဂျနေယိုးပြည်နယ်ထဲက တောင်ပိုင်းကမ်းရိုးတန်းမြို့တွေမှာ မိုးများပြီး မြေပြိုမှုတွေဖြစ်လို့ လူ ၁၄ယောက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဧပြီလ ၂ရက်နေ့မှာ ပြောပါတယ်။

ရီယိုဒီဂျနေယိုးပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်က မိုးသည်းသည်းမည်းမည်းရွာပြီး ရာသီဥတု အခြေ အနေ ဆိုးရွားနေခဲ့တာပါ။ 

လက်ရှိမှာတော့ မြေပြိုကျမှု ဖြစ်တဲ့နေရာကနေ လူပေါင်း ၁၄၄ယောက်ကို ကယ်ထုတ်ခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ မိသားစု ၇၀ကျော် ရှိကာ သူတို့ကို ခိုလှုံဖို့ နေရာတွေ စီစဉ်ပေးထားတယ်လို့ Paraty  မြို့တော်ဝန်က ပြောပါတယ်။

တရက်တည်းမှာတင် မိုးရေချိန် ၃၂၂ မီလီမီတာ ရွာသွန်းခဲ့တဲ့ Paraty မြို့မှာ မြေပြိုမှုကြောင့် လမ်းတွေ ပိတ်ဆို့နေတဲ့အပြင် လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။ 

ခရီးသွားတွေအကြားရေပန်းစားတဲ့ Paraty မြို့မှာ မိုးဆက်လက်ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် သဘာဝဘေးဆိုင်ရာ အရေးပေါ်အခြေအနေထုတ်ပြန်ထားတယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။