တောင်ကိုရီးယားမှာ ဂျက်လေယာဉ်နှစ်စင်းတိုက်မိပြီး လေယာဉ်မှူး လေးဦးသေဆုံး

Photo- AP

တောင်ကိုရီးယားလေတပ် KT-1 လေ့ကျင့်ရေး ဂျက်လေယာဉ်နှစ်စင်းဟာ ဒီနေ့ ဧပြီလ ၁ရက်နေ့က  

မြို့တော်ဆိုးလ်ကနေ တောင်ဘက် ကီလိုမီတော ၃၀၀ခန့်ကွာဝေးတဲ့ Sacheon မြို့မှာ လေ့ကျင်းရေးပျံသန်းနေရင်း တိုက်မိပြီး ပျက်ကျလို့ လေယာဉ်ပေါ်ပါ လေယာဉ်မှူး လေးဦးစလုံး သေဆုံးခဲ့ကြောင်း လေတပ်နဲ့ ဒေသတွင်း သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီလေယာဉ်နှစ်စင်းဟာ အနီးက စခန်းတခုကနေ ပျံတက်ပြီး မိနစ်ပိုင်းအကြာမှာပဲ တိုက်မိခဲ့တာပါ။

လေယာဉ်ပျက်ကျတဲ့နေရာကို မီးသတ်သမားနဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင် ၆၀ကျော် ရောက်ရှိလာခဲ့ကြပြီး

လေယာဉ်အပိုင်းအစတခု ဘုရားရှိခိုးကျောင်းပေါ်ကို ပြုတ်ကျလို့ ခေါင်မိုးမီးလောင်ခဲ့ပါသေးတယ်။

လေယာဉ်ပျက်ကျရာနေရာအနီး နေထိုင်တဲ့ အသက် ၇၅ နှစ်အရွယ် လယ်သမား ယွန်းဒယ်ဂူ က မိုးခြိမ်းသံကြားရပြီး ကောင်းကင်မှာ သတ္တုအပိုင်းအစတစ်ခုတွေ ကျလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။  

တောင်ကိုရီးယားလေတပ်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီး အဲဒီလေယာဉ်မတော်တဆမှုကို စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

တောင်ကိုးရီးယားဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက ပြည်တွင်းဖြစ် အင်ဂျင်တစ်လုံးနဲ့ ထိုင်ခုံနှစ်လုံးပါ အခြေခံလေ့ကျင့်ရေးလေယာဉ်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။