ကော့ကရိတ်အနီး ၅ တိုင်ရွာမှာ စစ်အုပ်စုတပ်တွေ ဝင်ရောက်တပ်စွဲ ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်

ကေအဲန်ယူ-အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ် (ကော့ကရိတ်မြို့နယ်)ကော့ကရိတ်မြို့နဲ့ ကျုံဒိုးလမ်းမကြီးပေါ်ရှိ ၅တိုင်ကျေးရွာမှာ ဒီနေ့မတ်လ ၃၁ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုတပ်အင်အား အမြောက်အများနဲ့ ဝင်ရောက်စွဲထားတယ်လို့ ဒေသခံတွေဆီက သိရကြောင်း KIC သတင်းဌာနက ဖော်ပြပါတယ်။
မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ဖားအံကနေတက်လာတဲ့ စစ်အုပ်စုတပ်ကားဟာ (၅) တိုင်ကျေးရွာနဲ့ (၉) တိုင်ကျေးရွာကြားမှာ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် (၅)တိုင်းရွာမှာ တပ်အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်အုပ်စုတပ်တွေ ဝင်ရောက်နေရာယူခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့က အဲဒီအနားမှာပစ်ခံရတော့ ငါးတိုင်ရွာမှာ သူတို့ တပ်စွဲနေလိုက်တယ်။ လမ်းဘေးက စာသင်ကျောင်းနဲ့ ရော်ဘာခြံတွေမှာ အချက်အခြာကျတဲ့ နေရာမှာ နေရာယူထားတယ်။ သူတို့လူတွေ မြဝတီတက်ဖို့ လုံခြုံရေး ယူပေးတာလားတော့မသိဘူး။” လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့က ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာအနီးမှာ စစ်အုပ်စုတပ်တွေက ဒေသခံရွာသားတစ်ဦးအား ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး အဲဒီရွာသားရဲ့ အခြေအနေကိုလည်း အခုထိ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ညနေ ၃နာရီလောက်မှာ ၅ တိုင်ကျေးရွာအနီး ရေပူကြီးရွာထဲကို လက်နက်ကြီးနဲ့ (၇)ချက်ခန့် ပစ်ခတ်ခဲ့တဲ့အပြင် ကော့ကရိတ်မြို့အနီး အမြောက်တပ်ကုန်းကလည်း တောင်ကြာအင်းကျေးရွာထဲသို့ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လူနေအိမ် (၅)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကြာအင်းကျေးရွာရှိဒေသခံတစ်ဦးကလည်း “မနေ့က ရွာထဲကို ပစ်တာ လူနေအိမ် (၄)လုံးထိသွားတယ်။ ညက ရွာဘုန်းကြီးကျောင်းနားတစ်ဝိုက်တော်တော်ကျတယ်။ ဘုန်းကြီးကားတွေ၊ သီလရှင်ကားတွေ ထိသွားတာရှိတယ်။ အခုရက်ပိုင်းမှာ တော်တော်ပစ်တယ်။ အများဆုံးထိတာက အဆောက်အအုံတွေပေါ့။ ” လို့ ဆိုပါတယ်။
Source – KIC
Photo – KIC