ဒဂုံတက္ကသိုလ် ကျောင်းသား ၃ ဦးထောင်ချခံရ ပြီး တစ်ဦးဖမ်းဆီးခံရ

ဒဂုံတက္ကသိုလ် ကျောင်းသားသုံးဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး တစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
မတ် ၃၀ ရက်မှာ မရမ်းကုန်းမြို့နယ် တရားရုံးက ဒဂုံတက္ကသိုလ်မှ ရှေးဟောင်းသုတေသနပညာဌာန ကျောင်းသူ မဆုမွန်ကို ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။ မဆုမွန်ကို မနှစ်က ဇွန် ၇ ရက်မှာ စစ်အုပ်စုက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရပြီး ၉ လအကြာမှာ မတရားပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ မတ် ၃၀ ရက်မှာပဲ ဒဂုံတက္ကသိုလ်က ရုက္ခဗေဒဌာန ကျောင်းသား ကိုဇင်လင်းအောင်နဲ့ သတ္တဗေဒဌာန ကျောင်းသား ကို မောင်မောင်မင်းခန့်တို့ကို လှည်းကူးမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ပဲ ထောင်ဒဏ်သုံးနှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့ပါသေးတယ်။
သူတို့နှစ်ဦးဟာ ၂၀၂၁ခုနှစ် ဇွန် ၈ ရက်က စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။ ဒါ့အပြင် မတ် ၃၀ ရက်မှာပဲ ဒဂုံတက္ကသိုလ်က သင်္ချာဌာန ကျောင်းသား ကိုလမင်းအောင်ကို စစ်အုပ်စုတွေက ဘားအံမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ကိုလမင်းအောင်ကို ပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပြီး ဘားအံထောင်မှာ ဖမ်းဆီးထားတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
ဒဂုံတက္ကသိုလ်က ကျောင်းသား ၃၀ ကျော် စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထောင်ချတာကို ခံထားရပြီး အဲ့ဒီထဲမှာ သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက် ချမှတ်ခံထားရသူတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။