တရုတ် ၊ ရုရှား ၊ အမေရိကန်နဲ့ ပါကစ္စတန်တို့ အာဖဂန်အရေးဆွေးနွေးကြမယ်

Photo – AP
အမေရိကန် ၊ တရုတ် ၊ ရုရှားနဲ့ ပါကစ္စတန်က သံတမန်တွေဟာ အခုသီတင်းပတ်ထဲမှာ တရုတ်နိုင်ငံမှာ တွေ့ဆုံပြီး အာဖဂန်နစ္စတန်အရေး ဆွေးနွေးပွဲ ကျင်းပကြလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၉ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
တရုတ်အစိုးရဟာ တာလီဘန်ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားတာ သိရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအရာရှိတဦးက ဆိုပါတယ်။
တရုတ် ၊ အမေရိကန် ၊ ရုရှားနဲ့ ပါကစ္စတန် စတဲ့နိုင်ငံတွေဟာ အာဖဂန်အရေးအပေါ် ကြီးကြီးမားမား ဩဇာသက်ရောက်မှုရှိတယ်လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Wang Wenbin က မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေ ထွက်ခွာချိန် အာဖဂန်ကို တာလီဘန်တွေ သိမ်းယူပြီးနောက် ဘဏ္ဍာရေးအကူအညီ ဖြတ်တောက်မှုတွေကြောင့် စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေ ရင်ဆိုင်နေရချိန်မှာ အခုလိုဆွေးနွေးပွဲ ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်က အာဖဂန်မှာ ဆယ်ကျော်သက်အရွယ်ကျောင်းသူတွေကို ကျောင်းတက်ခွင့်ပိတ်ပင်လိုက်တဲ့ တာလီဘန်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး အမေရိကန်အပါအဝင် အနောက်အုပ်စု အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။