မော်လမြိုင် ရတနာဆိုင်တွေကို PDFနာမည် အသုံးချ ခြိမ်းခြောက်ငွေတောင်းနေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်က စိန်ရွှေရတနာဆိုင်တွေကို PDF အမည်အသုံးချပြီး ခြိမ်းခြောက်ငွေတောင်းတာကို အကြမ်းဖက်အဖွဲ့ဝင်တွေက ပြုလုပ်နေတယ်လို့ သိရပါတယ်။
PDF အမည် အသုံးချပြီး ခြိမ်းခြောက်ငွေတောင်းမှုကို အခုရက်ပိုင်းအတွင်း ရက်ဆက်ပြုလုပ်နေကြောင်း မော်လမြိုင်မြို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့အနေနဲ့ အဲဒီလိုလုပ်ရပ်မျိုးလုပ်ဆောင်ခြင်းမရှိသလို နောင်လည်းလုပ်ဆောင်မှာ မဟုတ်ကြောင်း မော်လမြိုင်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
‘ကျွန်တော်တို့ သတင်းကြားနေတာက PDF နာမည်နဲ့ပေါ့။ရန်ပုံငွေမပေးရင် ဗုံးခွဲမယ်ဆိုတာမျိုး ခြိမ်းခြောက်တာ။ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့။ ကြောက်တဲ့ဆိုင်က ပိုက်ဆံပေးရင် ပိုက်ဆံလည်းရ၊ PDF တွေလည်း နာမည်ပျက်တာပေါ့’ လို့ မော်လမြိုင်၊ မုပွန်ရပ်နေ တက်ကြွလှုပ်ရှားသူ တစ်ဦးကပြောပါတယ်။
သတင်းတွေအရ အဲဒီလို ခြိမ်းခြောက်ငွေတောင်းခြင်းကို ရဲတပ်ဖွဲ့အရာရှိတချို့က သူတို့မွေးထားတဲ့ သတင်းပေးနဲ့ ပျူစောထီးတွေကို ခိုင်းစေနေတယ်လို့ သိရကြောင်း သူကပြောပါတယ်။
‘သူတို့ရဲတွေထဲက အေးဆေးဆေးဆေးနေတဲ့ ရဲတွေကိုယ်တိုင်က တချို့ရဲတွေ အဲဒီလို ဂွင်ဖန်နေတဲ့အကြောင်း ပြန်ပြောတယ်လို့ သတင်းရတယ်’လို့ သူက ဆက်ပြောပါတယ်။
မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံစတဲ့ မြို့တွေမှာ PDF တွေရဲ့ လှုပ်ရှားမှု မရှိသလောက် ဖြစ်နေတာကြောင့် အကြမ်းဖက်ရဲနဲ့စစ်တပ်က ထင်ရာစိုင်းနေတာလို့ သိရပါတယ်။
‘အခုလည်း မော်လမြိုင် PDF က သူတို့မဟုတ်ဘူးလို့ စာထုတ်တာပဲရှိတယ်။ တကယ်တမ်း ထိရောက်တဲ့ လှုပ်ရှားမှုမှမရှိတာ’ လို့သူက ဆက်ပြောပါတယ်။
အခုလို PDF နာမည် အသုံးချလုပ်ဆောင်တဲ့ ပျူစောထီးအမည်ခံ အကြမ်းဖက်အဖွဲ့တချို့ကို စုံစမ်းသိရှိခဲ့ပြီးပြီဖြစ်ပြီး အရေးယူ ဆောင်ရွက်သွားမယ်လို့ မော်လမြိုင်မြို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ပါတယ်။