ရပ်ကွက်အလိုက် သင်္ကြန်ယိမ်းထွက်ဖို့ ပြည်မှာ လူစုနေ

အာဏာရူးတွေရဲ့သင်္ကြန်မှာ ပြည်သူတွေ မပါဝင်ဖို့ တော်လှန်ရေး အင်အားစုတွေက မေတ္တာရပ်ခံနေချိန်မှာ ရပ်ကွက်အလိုက် သင်္ကြန်ယိမ်းထွက်ဖို့ ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်အုပ်စု အာဏာပိုင်တွေက စီစဉ်နေကြောင်း သိရပါတယ်။
ပြည်မြို့၊ ရွှေတံခါးရပ်ကွက်မှာ စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး သင်္ကြန်ယိမ်းအဖွဲ့တွေအတွက် လူရွေးပွဲ လုပ်နေပါတယ်။ အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် မိန်းကလေးတွေရှိတဲ့ နေအိမ်တွေကို တစ်အိမ်တက်ဆင်း လိုက်ခေါ်နေပြီး ယိမ်းအဖွဲ့မှာ ပါတဲ့သူတွေကို ဝတ်စုံ (၂) စုံစီ အခမဲ့ချုပ်ပေးမယ့်အပြင် လုံခြုံရေး၊အစားအသောက်ကအစ စားရိတ်ငြိမ်း ရပ်ကွက်ရုံးက အကုန်ခံပေးမယ်လို့ ပြောကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Pyay Underground News(PUGN) က ထုတ်ပြန်ပါတယ်။
ပြည်အဝေးပြေး ကားဝင်းအနီးနေ တက်ကြွလှုပ်ရှားသူ တစ်ဦးက ‘စစ်ခွေးတွေက ဒီနှစ်သင်္ကြန်ကိုစည်အောင်ကို အောက်ခြေသူတို့အုပ်ချုပ်ရေးပိုင်းက လူတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခိုင်းနေတယ်လို့ သိရပါတယ်။ သင်္ကြန်မှာ လူတွေပျော်နေတယ်ဆိုတာမျိုး ဝါဒဖြန့်ချင်တာ။ ကုန်ကျမယ့်ငွေတွေကိုတော့ ကိုယ့်ဘာသာ ရှာကြံရမယ်လို့ သိရတယ်’ လို့ ဆိုပါတယ်။
ပြည်စစ်အုပ်စု အုပ်ချုပ်ရေးပိုင်းထဲက သတင်းရင်းမြစ်တွေရဲ့အဆိုအရ ပြည်မြို့ပေါ်မှာရှိတဲ့ လောင်းကစား၊ မူးယစ်ဆေးနဲ့ တခြားတရားမဝင် လုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့ စစ်အုပ်စုနဲ့ပေါင်းပြီး လုပ်ကိုင်စားသောက်နေသူတွေဆီက သင်္ကြန်ကုန်ကျစရိတ်တွေအတွက် ငွေကောက်ခံမယ်လို့ သိရကြောင်း သူကပြောပါတယ်။
သင်္ကြန်ယိမ်းတွေအတွက် ရွှေတံခါးရပ်ကွက် အပိုင်း ၄ ပိုင်းထဲက မိန်းကလေး ၆၀ လောက် သွားအရွေးခံကြပြီး အပိုင်းတစ်ပိုင်းစီကို ယိမ်းအဖွဲ့တစ်ဖွဲ့ထွက်ကာ ပြည်မြို့ ဗဟိုမဏ္ဍပ်မှာ သွားပြိုင်ရမယ်လို့ PUGN က ထုတ်ပြန်ပါတယ်။