အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံရဲ့ အာရှသုံးနိုင်ငံခရီးစဉ်မှာ မြန်မာအကြောင်း ထည့်သွင်းဆွေးနွေးမယ်

photo- AP
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံအရာရှိ Derek Chollet ဟာ မတ်လ ၂၈ ရက်နေ့ကနေ ဧပြီလ ၂ ရက်နေ့အထိ ဖိလစ်ပိုင် ၊ ဗီယက်နမ်နဲ့ ဂျပန်ကို သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Derek Chollet ရဲ့ ဒီအာရှခရီးစဉ်ဟာ အင်ဒို – ပစိဖိတ် မဟာမိတ်တွေနဲ့ မိတ်ဖက်တွေအတွက် အမေရိကန်ရဲ့ ကတိကဝတ်တွေကို ထပ်လောင်းအတည်ပြုဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိပြီး ငြိမ်းချမ်းတည်ငြိမ်ဖို့ အပါအဝင် ဒေသတွင်း အကြောင်းအရာတွေကိုလည်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှု သေချာစေဖို့ ပူးတွဲကြိုးပမ်းဆောင်ရွက်မှုတွေအတွက် ဖိလစ်ပိုင်တာဝန်ရှိသူတွေနဲ့ တိုင်ပင်မယ့်အပြင် အမေရိကန် – အာဆီယံ ဆက်ဆံရေး ၊ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေကို ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နဲ့ ဂျပန် သုံးနိုင်ငံစလုံးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ယူကရိန်းကို တိုက်ခိုက်တဲ့ ရုရှားရဲ့ ကျူးကျော်စစ်ရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သတ်ပြီး ပြောဆိုသွားမယ်လို့လည်း သိရပါတယ်။