မနေ့ကညပိုင်းနဲ့ ဒီကနေ့ မနက်က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်က နဝရတ်စျေးအနီးနဲ့ ၁၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ်၂၇ ရက် ည ၈ နာရီကျော်မှာ ရွှေပြည်သာမြို့နယ်၊ နဝရတ်စျေးအနီးမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ဒေသခံတွေကြားခဲ့ရတယ်လို့ ပြောပါတယ်။
” နဝရတ်စျေးဘက်က ပေါက်ကွဲသံကြီး ကြားလိုက်ရတယ်။ စျေးနားဆိုတာတော့ သေချာတယ်။ ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒီကနေ့ မနက် ၅ နာရီလောက်ကလည်း ရွှေပြည်သာမြို့နယ်၊ ၁၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လက်ပစ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအုပ်ချုပ်ရေးမှူးရုံးကို အဖွဲ့တစ်ဖွဲ့က လက်ပစ်ဗုံးတွေနဲ့ လာရောက်ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောကြပြီး လက်ပစ်ဗုံး ငါးလုံးထက်မနည်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပေမယ့် တစ်လုံးသာ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
” လက်ပစ်ဗုံးနဲ့ ပစ်သွားတယ် ပြောတယ်ဗျ။ ကျွန်တော်ကြားလိုက်တာကတော့ ပေါက်ကွဲသံ တစ်ခါတည်းပဲ။ အုပ်ကြီးရုံးကို ထုသွားကြတာ။” လို့ ၁၆ ရပ်ကွက်အနီး နေထိုင်သူတစ်ဦးက အတည်ပြုပါတယ်။
အဲဒီပေါက်ကွဲမှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာတော့ မသိရသေးပါဘူး။ ရွှေပြည်သာမြို့နယ်အတွင်း စစ်အုပ်စုကို ဦးတည်တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိပြီး အခုလအတွင်းမှာလည်း ရွှေပြည်သာမြို့နယ်ခန်းမ အပါအဝင် စစ်အုပ်စု တပ်စွဲရာနေရာတွေကို တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။