
တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းမြို့မှာ ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက် ဒီနေ့ မတ်လ ၂၈ရက်နေ့ကစပြီး လူသန်းချီကို လော့ဒေါင်းချလိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လော့ဒေါင်းကာလအတွင်း မြို့ထဲက လူအမြောက်အများကို ကိုဗစ်ရောဂါစစ်ဆေးသွားမှာဖြစ်ပြီး ဒါဟာ နှစ်နှစ်အတွင်း အတင်းကြပ်ဆုံးလော့ဒေါင်းချမှတ်မှုလည်း ဖြစ်ပါတယ်။
ရှန်ဟိုင်းမြို့က လူပေါင်း ၂၆သန်းအတွက် လော့ဒေါင်း အဆင့်နှစ်ဆင့် သတ်မှတ်ထားပြီး တံတားတွေ ၊ မြေအောက်ရထားခရီးပြေးဆွဲမှုတွေကို ပိတ်ထားတဲ့အပြင် အဝေးပြေးလမ်းမသွားလာမှုတွေကိုလည်း ကန့်သတ်ထားပါတယ်။
မကြာသေးမီက အလုံးအရင်းစမ်းသပ်မှုမှာ မြို့တော်တစ်လျှောက် “ကြီးမားတဲ့ ကူးစက်မှုတွေ ကို တွေ့ရှိထားတာကြောင့် ထိရောက်ပြင်းထန်တဲ့ တုံပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရှန်ဟိုင်းမြို့ COVID ကျွမ်းကျင်အဖွဲ့ဝင်တဦးက ပြောပါတယ်။
မြို့သူမြို့သားတွေအနေနဲ့ အိမ်ထဲမှာပဲနေရမှာဖြစ်ပြီး ပစ္စည်းလိုက်ပို့သူတွေဟာလည်း ပြင်ပနဲ့ ထိစပ်မှုရှိ မရှိ စစ်ဆေးဂိတ်တွေမှာ အစစ်ခံပြီးမှ ထွက်ခွာရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရေးတကြီး မလိုအပ်တဲ့ ရုံးနဲ့ စီးပွားရေးလုပ်ငန်းအားလုံး ပိတ်ထားရမှာဖြစ်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေကိုလည်း ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။