မီးပိတ်သပိတ်မှာ မပါဝင်ဖို့ စစ်အုပ်စုက လိုက်ကြေညာ

ဧရာဝတီတိုင်းအတွင်း မြို့နယ်အများစုမှာ လျှပ်စစ်မီးပြတ်တောက်နေပေမဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ မီးပိတ်သပိတ်မှာ မပါဝင်ကြဖို့ စစ်အုပ်စုက အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ မတ်လ ၂၇ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ တော်လှန်ရေးအင်အားစုတွေက ည၈နာရီကနေ ၈နာရီ၃၀မိနစ်အထိ လျှပ်စစ်မီးတွေ ပိတ်ထားတာ မီးပိတ်သပိတ်အဖြစ် ပြည်သူတွေပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
“ညနေ ၆နာရီလောက်ထဲက မိုက်တွေနဲ့ မြို့ထဲလိုက်အော်နေတာ မီးပိတ်သပိတ်မှာ မပါဝင်ဖို့ဆိုပြီးတော့၊ မီးကဖြင့် မလာဘဲနဲ့ မရှက်တတ်ဘူးလားမသိဘူး၊ မီးလေးပိတ်ပြီး ပြည်သူတွေနေကြမှာကိုတောင် ဒီလောက်ကြောက်နေကြတာ၊ အတော်ကိုရူးတဲ့ကောင်တွေပဲ”လို့ ပုသိမ်မြို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ လျှပ်စစ်မီးဆိုးဝါးစွာ ပြတ်တောက်နေပြီး တစ်နေ့ကို ၆နာရီခန့်သာ လျှပ်စစ်မီးရရှိနေတယ်လို့ သိရပါတယ်။
“အဲ့ကောင်တွေက ၈နာရီကနေ ၈နာရီခွဲအတွင်းကို မီးပေးဖို့ ညွှန်ကြားထားတယ်၊ မီးပျက်သပိတ်မှာ ပြည်သူတွေ မပါအောင် တမင်ယုတ်မာနေတာ၊ မိုက်တွေနဲ့အော်နေတာကတော့ ကျွန်တော်တို့ဌာနက မဟုတ်ဘူး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခိုင်းထားတာ”လို့ ပုသိမ်မြို့ ဧရာဝတီတိုင်း လျှပ်စစ်ရုံးက အမည်မဖော်လိုသူ စာရေးတစ်ဦးကပြောပါတယ်။