တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့မနက် ၄ နာရီခွဲလောက်က မန္တလေးတိုင်း၊ တောင်သာမြို့ပေါ် ကင်းလှည့်နေတဲ့ အကြမ်းဖက် စစ်ကားတစ်စီးကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။
တောင်သာမြို့ အမှတ် (၂) ရပ်ကွက်၊ ဘောလုံးကွင်း တောင်ဖက်လမ်းကြားမှာ ကင်းလှည့်နေတဲ့ စစ်ကားကို ZERO ပြောက်ကျားတပ်ဖွဲ့ရဲ့ တောင်သာအဖွဲ့ခွဲ ZERO TTA က မိုင်းနဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
‘ကြားရသလောက်တော့ ဆေးရုံပေါ် အူယားဖားယား ပြေးတက်ကြတယ်၊ စစ်ခွေးတွေ တောင်သာမြို့ပေါ်မှာ ဆဲဆိုနေကြတယ်တဲ့။ တော်လှန်ရေးနေ့မှာ သတိလွတ်တာနဲ့ အသက်နဲ့ကိုယ် အိုးစားကွဲမယ်ဆိုတာလောက် မစဉ်းစားကြဘဲ ဟိတ်ကြီးဟန်ကြီးနဲ့ ကင်းလှည့်ရဲတဲ့အထိ ဉာဏ်နည်းကြတော့ ခံရတာပေါ့’ လို့ မြင်းခြံမြို့ပေါ်နေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရမှု အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။