တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အတွင်းရှိ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်သတင်းပေးတွေအားလုံး မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နှုတ်ထွက်ကြဖို့ နောက်ဆုံးအကြိမ်သတိပေးကြောင်း တနင်္သာရီ ပကဖ က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ လူစိတ်ကင်းမဲ့၊ ရက်စက်ယုတ်မာမှုလုပ်ရပ်တွေအပေါ် အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်သတင်းပေးတွေဟာ အားပေးထောက်ခံကြသူတွေ ဖြစ်တဲ့အတွက် အမြန်ဆုံး နှုတ်ထွက်ကြဖို့ ထပ်မံသတိပေးခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
‘စစ်ခွေးတွေရဲ့ အခုနောက်ဆုံးနည်းကတော့ သူတို့ခိုင်းတာလုပ်ပေးတဲ့လူတွေကို အခွင့်အရေးပေးပြီး မွေးတာပဲ။လောင်းကစားလုပ်တဲ့ သူတွေကို လုပ်ခွင့်ပေးပြီး သတင်းပေးမွေးတယ်။ အဲဒီလိုမျိုးတွေ လုပ်နေတော့ ရှင်းနိုင်မှ တော်ကာကျမယ်’ လို့ လောင်းလုံမြို့နေ တက်ကြွလူငယ် တစ်ဦးကပြောပါတယ်။
အခုညွှန်ကြားချက်ကို မလိုက်နာပါက သူတို့ရဲ့ အသက်အိုးအိမ်ကို အာမမခံနိုင်ဘူးလို့ တနင်္သာရီ ပကဖ က ထုတ်ပြန်ထားသလို စစ်အုပ်စုထောက်တိုင်မှန်သမျှ ရှင်းလင်းရေးနဲ့လူထုတော်လှန်ရေးအရှိန်ကို ဆက်လက် မြှင့်တင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။