ဗုံးပေါက်ကွဲမှု ငါးကြိမ်ထက်မနည်း ဖြစ်ခဲ့ဖူးတဲ့ အင်းစိန်မြို့နယ်က ဖော့ကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးတစ်လုံးထပ်ပေါက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၁၀နာရီကျော်လောက်မှာ ဖော့ကန် ဘတ်စ်ကားမှတ်တိုင်အနီး လမ်းမတန်းမှာရှိတဲ့ ဖော့ကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။ ဗုံးပေါက်ကွဲပြီးတဲ့နောက် မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို စစ်အုပ်စုတွေ ရောက်လာချိန်ထပ်မံ တွေ့ရှိခဲ့တာကြောင့် လမ်းပိတ် စစ်ဆေးမှုတွေ ကားတွေ လှည့်ပြန်ခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
” ၁၀နာရီကျော်လောက်ကပေါက်တာပါ။ မကွဲသေးတယ် တစ်လုံးလည်းတွေ့တယ်ပြောတယ်။ လမ်းပိတ်စစ်နေကြတယ်။ ရုံးတော့ နည်းနည်းပျက်စီးသွားတယ်ကြားတယ်။” လို့ ဖော့ကန်ရပ်ကွက်သားတစ်ဦးက ပြောပါတယ်။
ဒီပေါက်ကွဲမှုကို ဘယ်သူကလုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးပါဘူး။ ဖော့ကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ ပြီးခဲ့တဲ့ နှစ်ကစပြီး ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်လေ့ရှိပြီး တစ်နှစ်အတွင်း ငါးကြိမ်ထက်မနည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။