ဒီနေ့မနက် ကသာတိုက်ပွဲ အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းသေ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီနေ့ မနက် ၇ နာရီ မိနစ်၂၀ လောက်မှာ ဒေသကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အင်အား ၄၅ ဦးလောက်ပါတဲ့ အကြမ်းဖက်စစ်တပ်ဟာ သင်္ဘောလုံခြုံရေးရယူဖို့ ကသာမြို့နယ်၊ မိုးတားလေးရွာကနေ ဝဲကြီးရွာဘက် ခြေလျင်စစ်ကြောင်း ထိုးလာစဉ် မြေနုကျွန်းအနီးအရောက် ဗိုလ်သာလိကာ ဦးဆောင်တဲ့ ဒေသကာကွယ်ရေးတပ်က မိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး 79 လက်ထောက်ကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့လှ PDF က ထုတ်ပြန်ပါတယ်။
၁၀ မိနစ်လောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား ဒဏ်ရာရခဲ့ပြီး ဒေသကာကွယ်ရေးတပ်တွေ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ထွက်ခွာနိုင်ခဲ့ပါတယ်။