မြန်မာနိုင်ငံဟာ ဆိုးရွားလှတဲ့ ဖရိုဖရဲ အခြေအနေကို ဆိုက်ရောက်နေပြီလို့ လူ့အခွင့်အရေး မဟာမင်းကြီးပြေ

မြန်မာနိုင်ငံဟာ ဆိုးရွားလှတဲ့ ဖရိုဖရဲ အခြေအနေကို ဆိုက်ရောက်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က သတိပေးလိုက်ပါတယ်။
မတ်လ ၂၁ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီထံ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တင်သွင်းတဲ့အစီရင်ခံစာမှာ အဲဒီလိုဖော်ပြထားကြောင်း VOA က ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု ၁၃ လတာ ကာလထဲ ရောက်လာချိန်မှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဆိုးရွားလှတဲ့ ပြသနာကြီး ဖြစ်လာနေတယ်လို့လည်း ဆိုပါတယ်။
စစ်အုပ်စုဟာ သူတို့ကိုဆန့်ကျင်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခြင်း၊ လူအများအပြား သတ်ဖြတ်ခံရခြင်းနဲ့ တရားဥပဒေမဲ့ အစုလိုက် အပြုံလိုက် ဖမ်းဆီးနှိပ်စက် ခံရမှုတွေ ပြုလုပ်နေတယ်လို့လည်း သူကဆိုပါတယ်။
မြန်မာ့စီးပွားရေးဟာ ပြိုလဲလု ဖြစ်နေပြီး မြန်မာလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဒီနှစ်အတွင်း ဆင်းရဲမွဲတေသွားမယ်လို့ ခန့်မှန်းရကြောင်းလည်း ပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာပင် လျှပ်စစ်မီးမရတဲ့ ပြဿနာ ဆိုးရွားနေသလို လောင်စာဆီဈေးလည်း မြင့်တက်နေတာကြောင့် အိမ်တွင်းလုပ်ငန်းငယ်တွေကစလို့ အလတ်စားစက်ရုံတွေ အထိ ပိတ်သိမ်းမှုတွေရှိနေကြောင်း ရန်ကုန်အခြေစိုက် အဲကွန်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၂၁ ရက်နေ့အထိ စာရင်းအရ နွေဉီး တော်လှန်ရေးအတွင်း ကျဆုံးပြည်သူ ၁၆၉၅ ဦး ရှိပြီလို့သိရပါတယ်။