အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ ဂျပန်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ တောင်းဆို

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ ဂျပန်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ တောင်းဆိုလိုက်သလို မြန်မာနိုင်ငံအခြေအနေကို အထူးစိုးရိမ်ပူပန်တယ်လို့လည်း ထုတ်ဖော်ပြောကြားကြပါတယ်။
ဂျပန်ဝန်ကြီးချုပ်ရဲ့ ကမ္ဘောဒီးယားနှစ်ရက်ကြာ ခရီးစဉ်မှာ နှစ်နိုင်ငံအရေး၊ မြန်မာနဲ့ ယူကရိန်းအရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ပြီး မတ်လ၂၀ ရက်နေ့၊ နှစ်နိုင်ငံပူးတွဲကြေညာချက်ထုတ်ပြန်ရာမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အဲဒီလို ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်နက်ခဲယမ်းရနေတဲ့ လမ်းကြောင်းတွေ ရပ်ဖို့၊ ငြိမ်းချမ်းတဲ့ အဖြေရအောင် သက်ဆိုင်သူတွေ အားလုံး စိတ်ရှည်ရှည်နဲ့ ဖြေရှင်းကြဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ပြီး ပုံမှန်အခြေအနေပြန်ရောက်အောင် ဆောင်ရွက်ဖို့လည်း တောင်းဆိုလိုက်ကြပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးက ဝန်ကြီးချုပ်နှစ်ဦးရဲ့တောင်းဆိုမှုတွေကို ကြိုဆိုရမှာဖြစ်ပေမဲ့ လက်တွေ့မပါတဲ့ တောင်းဆိုမှုတွေကြောင့် ထူးခြားလာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
‘သူတို့ရဲ့တောင်းဆိုမှုဟာ သံတမန်ရေး ဖိအားတစ်ခုထက် မပိုပါဘူး။ မင်းအောင်လှိုင်အတွက် သံတမန်ရေး ဖိအားလောက်က ယားယံရုံတောင်မဖြစ်ဘူး’ လို့ သူကပြောပါတယ်။
ဝန်ကြီးချုပ်နှစ်ဦးက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့သလို အာဆီယံနဲ့ နိုင်ငံတကာအဖွဲ့တွေ ပူးပေါင်းပြီး မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။