သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးခံရတဲ့ ပရဟိတလူငယ် ဆေးကုခွင့်မရလို့ ကျဆုံး

သေနတ်ဒဏ်ရာနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်က ပရဟိတလူငယ်ဟာ ဆေးကုသခွင့်မရတဲ့အတွက် ကျဆုံးသွားခဲ့ကြောင်း သိရပါတယ်။
မတ်လ ၁၈ ရက်ညနေ ၅ နာရီကျော်လောက်က မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ရေးမြို့နယ်၊ ဝဲပေါင်ရွာမှာ ကားပြင်နေစဉ် အကြမ်းဖက်စစ်တပ်က ပစ်ခတ်တာကြောင့် ကားပြင်ဆရာတစ်ဦး သေနတ်ထိမှန်သေဆုံးပြီး ပရဟိတသမား ကိုအောင်ခန့်ဟိန်းနဲ့ ကားပြင်ဆရာ နောက်တစ်ဦးတို့ သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
‘မနေ့က ဘယ်အချိန် ကျဆုံးသလဲဆိုတာ ကျွန်တော်တို့ မသိပေမဲ့ မနေ့ညနေပိုင်းလောက်မှာ သူကျဆုံးသွားပြီလို့ ကျွန်တော်တို့ရဲ့ တပ်တွင်းသတင်းရင်းမြစ်တွေဆီကနေ သိရတယ်။ ကိုအောင်ခန့်ဟိန်းက ဆီးခုံကျည်ထိထားတယ်။ဆေးကုခွင့်မရဘူး။ ရိုက်နှက်ညှင်းပန်းတဲ့ဒဏ်ကိုလည်း ခံခဲ့ရတယ်’ လို့ ရေးမြို့ပေါ်ရှိ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
ကိုအောင်ခန့်ဟိန်းနဲ့ ကားပြင်ဆရာတို့ကို ရေးအခြေစိုက် စစ်တပ်ထဲ ဖမ်းထာခြင်းဖြစ်ပြီး ကားပြင်ဆရာရဲ့ အခြေအနေကိုမူ မသိရသေးဘူးလို့ ဆိုပါတယ်။
ကိုအောင်ခန့်ဟိန်းဟာ ရေးမြို့မှာနေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် ပရဟိတလူငယ်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လမှာ အကြမ်းဖက်စစ်အုပ်စုက ပုဒ်မတပ် ဖမ်းဝရမ်းထုတ်တာကြောင့် မွန်ပြည်သစ် ထိန်းချုပ်နယ်မြေထဲ တိမ်းရှောင်နေသူဖြစ်ပါတယ်။
‘သူက ကားပျက်လို့ ကားပြင်ဆရာတွေကို ဝဲပေါင်ရွာခေါ်ပြီး ပြင်နေတဲ့အချိန် စစ်ခွေးတွေက သေနတ်နဲ့ ဝင်ပစ်တာ’ လို့ သူက ပြောပါတယ်။
ကိုအောင်ခန့်ဟိန်း မောင်းလာတဲ့ကားနဲ့ ကားပြင်ဆရာတွေရဲ့ ဆိုင်ကယ်ကိုလည်း အကြမ်းဖက်စစ်တပ်က သိမ်းသွားတယ်လို့ သိရပါတယ်။
ကိုအောင်ခန့်ဟိန်းဟာ ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေက စာသင်ကျောင်းတွေကို တည်ဆောက်ပေးခြင်းနဲ့ သဘာဝဘေးဖြစ်လာတဲ့အခါ ပြည်သူတွေကို လိုက်ကူညီပံ့ပိုးပေးခဲ့သူဖြစ်ပြီး ရေးမြို့နယ်မှာ လူသိများပါတယ်။