အာဆီယံ ဘုံသဘောတူညီချက် ဖော်ဆောင်ရေး ဂျပန်-အိန္ဒိယ ပူးတွဲကြေညာချက်မှာ တိုက်တွန်း

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဂျပန်ဝန်ကြီးချုပ်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့က ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် Kishida Fumio နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ ဆွေးနွေးပွဲအပြီး မတ်လ ၁၉ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးမြန်မာနိုင်ငံ အခြေအနေတွေအပေါ် စိုးရိမ်တဲ့အကြောင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို အားပေးကြောင်းနဲ့ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို ကြိုဆိုကြောင်းလည်း ပြောပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက မြန်မာ့အရေး အိန္ဒိယဝန်ကြီးချုပ်ရဲ့ ပါဝင်ပြောကြားလာမှုအပေါ် ကြိုဆိုရမှာဖြစ်ပေမဲ့ ထူးခြားတဲ့ ရလဒ်တစ်ခုမဟုတ်ဘူးလို့ ဆိုပါတယ်။
‘အာဆီယံအထူးသံ မြန်မာနိုင်ငံသွားခါနီးမှာ အာဆီယံမူ ၅ ရပ်ကို တင်းတင်းဆုပ်ကိုင်ဖို့ ပြောလိုက်တဲ့သဘောလို့ ထင်ပါတယ်။ တစ်ကမ္ဘာလုံးကနေပြီး မင်းအောင်လှိုင် အဖက်တောင်မလုပ်တဲ့ အာဆီယံကိုပဲ မြန်မာ့အရေးကို ပုံအပ်နေတယ်။ အာဆီယံမူ ၅ ရပ်ဆိုတာ မြန်မာ့ဒီမိုကရေစီရေးဘက်ကနေ ရပ်ခံထားတယ်ဆိုပေမဲ့ အချိန်ကာလသတ်မှတ်ချက် မရှိဘူး၊ အရေးယူမှုမပါဘူး။ မင်းအောင်လှိုင်လည်း ဂရုမစိုက်ဘူး။ အဲဒီတော့အလုပ်လည်းမဖြစ်ဘူး’ လို့ သူကပြောပါတယ်။
မြန်မာ့အရေး အာဆီယံအထူး သံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ မတ်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
အာဆီယံရဲ့အထူးသံတမန်က NUG အစိုးရနဲ့ တွေ့ခွင့်ပြုပြီး ပန်ကြားချက်ကို မင်းအောင်လှိုင်က ပယ်ချခဲ့သလို အထူးသံရဲ့ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်ရမှာ မဟုတ်ပါဘူး။