ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပေါင်း ၂၀ မှာ စစ်ကျွန်ပညာရေးအတန်းတင်စာမေးပွဲကို ကန့်ကွက်ကြောင်း စာတွေကြဲဖြန့်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၃ နာရီလောက်မှာ တွံတေးမြို့နယ် အတွင်းရှိ၊အထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်း၊ အလယ်တန်းကျောင်းခွဲနဲ့ မူလတန်းလွန်ကျောင်း စုစုပေါင်း ကျောင်း၂၀ မှာ ကြွေးကြော်ကန့်ကွက်စာ အရွက်၂၀၀၀ ဖြန့်ကြဲကာ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ တွံတေးမြို့နယ် ပညာရေးဘုတ် အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီနေ့ကစပြီး ၁၀ တန်းကလွဲလို့ မူလတန်း၊ အလယ်တန်းနဲ့အထက်တန်းအဆင့် အတန်းအားလုံးကို အကြမ်းဖက်စစ်အုပ်စုက အတန်းတင်စာမေးပွဲ စတင်စစ်ဆေးခြင်းဖြစ်ပြီး စစ်ကျွန်ပညာရေးကရတဲ့ အောင်မြင်မှုကို ပြည်သူ့အစိုးရလက်ထက်ရောက်ရင် အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ တွံတေးမြို့နယ် ပညာရေးဘုတ် အဖွဲ့က ထုတ်ပြန်ပါတယ်။
တွံတေးမြို့နယ်အတွင်း အခြေခံပညာကျောင်း စုစုပေါင်း ၂၁၅ ကျောင်းရှိတဲ့အနက် ကျောင်း ၁၈၀ လောက်မှာ စာမေးပွဲပြုလုပ်နေပြီး တွံတေးမြို့နယ်အတွင်း ကျောင်းသားစုစုပေါင်းရဲ့ ရာခိုင်နှုန်း ၆၀လောက် ဝင်ရောက်ဖြေဆိုကြတယ်လို့ တွံတေးမြို့နယ် ပညာရေးဘုတ် အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
‘အရင်တုန်းက ကျောင်းတက်တဲ့လူ တော်တော်နည်းပါတယ်။ ပြီးခဲ့တဲ့၂ လလောက်က စစ်ခွေးတွေက တွံတေး တစ်မြို့နယ်လုံးကို ကျောင်းသားတွေ ကျောင်းမတက်ရင် မိဘတွေကို ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်လို့ ကျောင်းတက်တာနည်းနည်းများသွားတာ’ လို့ သူကပြောပါတယ်။
ဒီကနေ့ ကြွေးကြော်ကန့်ကွက်စာ ဖြန့်ကြဲဆန္ဒပြရာမှာ ဖမ်းဆီးခံရသူ မရှိဘူးလို့ သိရပါတယ်။