တောင်ကိုရီးယားအမျိုးသမီးကြီးတစ်ဦး PDFတွေအတွက် ဝမ်ငွေတစ်သန်းရှစ်သောင်းလှူဒါန်း

အသက် (၆၅) နှစ်အရွယ် တောင်ကိုရီးယားအမျိုးသမီးကြီးတစ်ဦးက PDF ရဲဘော်တွေအတွက် ဝမ် တစ်သန်းရှစ်သောင်းလှူဒါန်းခဲ့တယ်လို့သိရပါတယ်။
မစ္စကင်ဒုံဟီးဟာ မတ်လ၁၂ရက်နေ့မှာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးကိုရောက်ရှိလာ ကာ လှူဒါန်းခြင်းဖြစ်ကြောင်း NUG ကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ်။
မစ္စကင်ဒုံဟီးဟာ စာအိတ်အဖြူ တစ်ထုတ်ကို ဝမ်ငွေ တစ်သိန်းကျနဲ့ (၁၀)အိတ်၊ဝမ်ငွေရှစ်သောင်း (၁)အိတ်ကို အနက်ရောင်ပိုးဖဲစနဲ့ ထုတ်ပိုးထားကာ မြန်မာပြည်သူများအတွက် ရည်ရွယ်ပြီး လှူဒါန်းချင်ကြောင်း နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ပါဝင်နေတဲ့ PDF လူငယ်တွေ ချို့ချို့တဲ့တဲ့ဖြစ်နေတာကို စိတ်မကောင်းဖြစ်မိတာကြောင့် ဦးစားပေးလှူဒါန်းပေးပါကလည်း အဆင်ပြေကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။
မြန်မာကျပ်ငွေ ၁၅သိန်းကျော်ရှိတဲ့ အဲဒီဝမ်ငွေတွေကို အတင်းအဓမ္မရယူထားခြင်းမရှိဘဲသူနဲ့အတူ ကိုရီးယား မိတ်ဆွေတွေက လှူဒါန်းထားတာလို့ပြောကြောင်းသိရပါတယ်။
ဒါ့အပြင် အပြစ်မဲ့ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်ထားတဲ့ မင်းအောင်လှိုင်က ဘုန်းကြီးရှေ့မှာ လက်အုပ်ချီနေတဲ့ ပုံကို တွေ့ရပြီးနောက် ဘာကိုများ ဆုတောင်းနေသလဲလို့ သူ့အနေနဲ့ အတော် နားမလည်နိုင်ဖြစ်ရတယ်လို့ ပြောကြားခဲ့သလိုသူ့အနေနဲ့ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် နေ့စဉ် ဆုတောင်းမေတ္တာပို့သနေတယ်လို့ ပြောကြားခဲ့ကြောင်းလည်း NUG ကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားဟာ မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံတဲ့ နိုင်ငံဖြစ်သလို တောင်ကိုရီးယားပြည်သူတွေကလည်း နွေဦးတော်လှန်ရေးအတွက် ငွေလှူဒါန်းလေ့ရှိပါတယ်။