ချင်းပြည်နယ်၊ မတူပီကနေ လိုင်လိုင်းပီမြို့၊ ထယ်ဘွေ့စခန်းကို အင်အားဖြည့်တင်းဖို့တက်လာတဲ့ အကြမ်းဖက်တပ်ကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၂ ရက်နေ့က အကြမ်းဖက်စစ်သား ၁၅၀ လောက်ဟာ လိုင်လိုင်းပီမြို့ကို ထွက်ခွာခဲ့ရာ စခီဟာကျေးရွာနဲ့ ၄ ဖာလုံခန့်အကွာမှာ ပလက်ဝ CDF က မိုင်းဆွဲဖြတ်တိုက်ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး (၅) ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ပလက်ဝ CDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဆက်လက်ပြီး မတ်လ (၁၃) ရက်နေ့ မနက် (၉) နာရီကနေ နေ့ခင်း (၁၁) နာရီအတွင်း တစ်ကြိမ်နဲ့ ညနေ (၃) နာရီကနေ (၅) နာရီအတွင်း တစ်ကြိမ် CDF- Paletwa, CDF- matupi နဲ့ CNA သုံးဖွဲ့ပေါင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား (၇) ဦးထက်မနည်း သေဆုံးပြီး (၁၀) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာပလက်ဝ CDF ရဲဘော်တစ်ဦး အသက်ပေးလိုက်ရပြီး တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရခဲ့သလို CNA ဘက်ကလည်း ရဲဘော်တစ်ဦး အသက်ပေးခဲ့ရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ထယ်ဘွေ့စခန်းအ၀င်လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့ထားဆဲဖြစ်ပြီး လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် တွီဆော့ကုန်းကျေးရွာက လူနေအိမ်တစ်လုံး၊ စာသင်ကျောင်းတစ်ဆောင်နဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း ပလက်ဝ CDF က ထုတ်ပြန်ပါတယ်။
ပြည်သူတွေ ထိခိုက်မှု မရှိအောင် လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။