
အကြမ်းဖက်စစ်တပ်အတွင်း အဓိကရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုမှာ ဇာတိရပ်ရွာကို ပြန်လို့မရခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အောက်ခြေတပ်ရင်း၊ တပ်ဖွဲ့တွေက အရာရှိ၊ အရာခံနဲ့ အကြပ်စစ်သည်တွေဟာ ခွင့်မရတော့သလို ခွင့်ရပါကလည်း အရင်လို ပြည်သူတွေကြားမှာ ရှိနေတဲ့ မိဘရပ်ထံ ပြန်လို့မရတော့ခြင်းဖြစ်ကြောင်း သိရပါတယ်။
‘အခုက ခွင့်ရဖို့မပြောနဲ့၊ နားရက်တောင် မရတော့ဘူး။စစ်တပ်ဝန်းထဲကနေ အပြင်ထွက်ခွင့်တောင် မရတော့ဘူး။ ဘာလို့လဲဆိုတော့ CDM လုပ်မှာစိုးတာကြောင့်’ လို့ သူကပြောပါတယ်။
ပြည်သူတို့ရဲ့ ခုခံတော်လှန်စစ်ကြောင့် အကြမ်းဖက်စစ်တပ်အတွင်း နေ့စဉ်သေဆုံးနေခြင်းနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေပေမဲ့ သူတို့နေရာမှာ လူအင်အား အစားထိုး ဖြည့်သွင်းနိုင်ခြင်းမရှိတဲ့အတွက် အကြမ်းဖက်စစ်သားတွေဟာ နားရက်မရှိ ဖြစ်နေတယ်လို့ သိရပါတယ်။
‘အခုဆိုရင် ကိုယ့်ဇာတိရပ်ရွာ ပြန်လို့မရတဲ့ကိစ္စဟာ စစ်တပ်ထဲမှာ နာကျည်းစရာ ဖြစ်လာတယ်။ ဘယ်သူ့ကိုမေးမေး သူတို့မိဘဆွေမျိုးတွေက အိမ်ပြန်မလာဖို့ ပြောကြတာချည်းပဲ။တချို့မိဘတွေက မင်းအောင်လှိုင်ကို ထောက်ခံတယ်ဆိုပေမဲ့ ဇာတိကို သူတို့သားပြန်လာလို့ အသတ်ခံရမှာ ကြောက်ကြတာကြောင့် ပြန်မလာခိုင်းတာ။ အများအားဖြင့်ကတော့ စစ်တပ်ကိုမုန်းလို့ ပြန်မလာဖို့ပြောတာ၊ အိမ်ပြန်လာချင်ရင် စစ်တပ်ထဲက ထွက်ပြီးမှ ပြန်လာလို့ပြောကြတယ်’ လို့ သူကဆက်ပြောပါတယ်။
ဒါ့ကြောင့် စစ်တပ်အတွင်း မင်းအောင်လှိုင်အပေါ် မုန်းတီးမှုတွေနဲ့ ကိုယ့်ဘဝကိုယ် အလိုမကျမှုတွေ ဖြစ်ပေါ်နေကြတယ်လို့ သိရပါတယ်။
‘စစ်ကိုင်းတိုင်းတို့လို စစ်တပ်အရမ်းဒုက္ခပေးတဲ့ ဒေသတွေက မိဘဆွေမျိုးတွေဆို နင်တို့စစ်တပ်လုပ်တာလာ ကြည့်ဆိုပြီး သူတို့သားတွေ တူတွေကို ဖုန်းဆက်လှမ်းပြောသူတွေ၊သေခန်းပြတ်လို့ ပြောတဲ့သူတွေ မနည်းဘူး။ အဲဒီဒဏ်ကိုလည်း ခံနေရတယ်’ လို့ သူကပြောပါတယ်။