ဒီနှစ် မော်တင်စွန်းပွဲတော် ဘုရားဖူးဧည့်သည့် မရှိသလောက်နည်းပါး

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက် ဒုတိယအကြိမ်အဖြစ် ကျင်းပနေသည့် မော်တင်စွန်းဘုရားပွဲတော်မှာ တပေါင်းလပြည့်နေ့ နီးကပ်လာချိန်အထိ စည်ကားမှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုနှစ်ဘုရားပွဲတော်ကို တပေါင်းလဆန်း ၈ ရက်နေ့ကနေ တပေါင်းလပြည့်နေ့အထိ ၈ ရက်သာ ကျင်းပနိုင်ပြီး စျေးဆိုင်တန်းတွေနဲ့ ဘုရားဖူးဧည့်သည်တွေ မရှိသလောက် နည်းပါးနေပါတယ်။
ခမောက်မှော်ဆိပ်ကမ်းတွင် ကြံရည်ဆိုင် ၁ဆိုင်နဲ့ ကော်ဖီမစ်ဆိုင် ၁ ဆိုင်သာ ဖွင့်လှစ်ထားနိုင်ပြီး အရင်နှစ်တွေလို လိုင်းကားကြီးတွေ ပြေးဆွဲတာမရှိဘဲ ခမောက်မှော်ကနေ မော်တင်ကို ဆိုက်ကယ်ကယ်ရီတစ်ဦးကို ၃၀၀၀ ကျပ် Hijet ကား စီးလုံးငှါးရမ်းခ ၂ သောင်းကျပ်မှ ၄ သောင်းကျပ်အထိ ရှိနေတယ်လို့ ဒေသခံတွေရဲ့အဆိုအရ သိရပါတယ်။
ယာယီတည်းခိုဆောင်တွေ လုံးဝဆောက်လုပ်ထားတာမရှိပဲ ပုံမှန်အမြဲတမ်းဖွင့်လှစ်ထားတဲ့ ဟိုတယ်တွေသာ ၂ ယောက်ခန်း တစ်ခန်းကို ၃ သောင်းကျပ်ကနေ ၅ သောင်းကျပ်အထိ ကျသင့်တယ်လို့ သိရပါတယ်။
ဘုရားမုဒ်ဦးအဝကနေ အတက်စောင်းတန်းလှေအထိ တစ်နှစ်ပတ်လုံး ဖွင့်လှစ်ရောင်းချမြဲဖြစ်တဲ့ စျေးဆိုင်တွေ အပါအဝင် ၁၄ ဆိုင်လောက်သာရှိပြီး နှစ်စဉ် ဆိုင်ခန်းတွေ အပြည့်နဲ့ စည်းကားလေ့ရှိတဲ့ ရေလည်ဘုရားလမ်းထိပ်အထိ တလျောက်မှာလည်း ဆိုင်ခန်း ၁၀ ခန်းလောက်သာ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မော်တင်တောင်ခြေကနေ ငွေတောင်ကို သွားရောက်လည်ပတ်လိုပါက ဆိုင်ကယ်ငှားရမ်းခမှာ ၁ သောင်းကျပ်ကျသင့်ပြီး ကားစီးလုံးငှားရမ်းပါက ၄ သောင်းကျပ်ကနေ ၆ သောင်းကျပ်အထိ ကျသင့်တယ်လို့ သိရပါတယ်။
ငွေတောင်ကမ်းခြေမှာတော့ အရင်လို နားနေဆောင်တွေ မုန့်ဆိုင်တွေနဲ့ စည်းကားတာမရှိဘဲ ဘုရားဖူးချိန်ကိုလည်း မနက် ၄ နာရီကနေ ည ၁၀ အထိသာ ခွင့်ပြုပေးထားပြီး ကျန်အချိန်တွေမှာ ဘုရားပေါ်ကို တက်ရောက်ခွင့် မပြုဘူးလို့ ဒေသခံတွေက ပြောပါတယ်။