လှိုင်မြို့နယ်က အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ရန်ကုန်မြို့ လှိုင်မြို့နယ် အမှတ်(၆)ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးထွက်ပြေးသွားတာကြောင့် ရာအိမ်မှူးကနေ အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မတ်လ ၁၃ရက်နေ့ ည ၈နာရီခန့်မှာအမှတ်(၆)ရပ်ကွက် ဗေဒါစုလမ်းထိပ်မှာ အမည်မသိသေနတ်သမားတစ်ဦးက အုပ်ချုပ်ရေးမှူးတာဝန်ယူတာ ၃ရက်သာ ရှိသေးတဲ့ ဦးပြုံးချိုကို သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။
“ပထမအုပ်ချုပ်ရေးမှူးက ဒလန်အဖြစ် သတိပေးခံရတော့ ထွက်ပြေးတာကို သူက ငါအုပ်ကြီးလုပ်မယ်ဆိုပြီး ဝင်လုပ်တာ၊ သူအုပ်ကြီးလုပ်နေတာ ၃ရက်ပဲရှိသေးတယ် ဖောင်းဒိုင်းခံလိုက်ရတာ၊ အရင်ထဲက သူတို့တဖွဲ့လုံးက ဒလန်တွေမို့ ခဏခဏ သတိပေးခံနေရတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။