မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မယ်ဝေ(မဲဝိုင်) အခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅) ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ခွဲမှူး အပါအဝင် စစ်သား ၂၇ဦးကို အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ မူတြော်ခရိုင်သတင်းစဉ်က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က မတ်လ ၁၁ရက်နေ့ နေ့လည် ၁၁နာရီခန့်မှာ မယ်ဝေ(မဲဝိုင်)အုပ်စု မယ်ပေါ်ထာမှာ ရိက္ခာသွားထုတ်ပြီး ပြန်လာတဲ့ စစ်အုပ်စုရဲ့ ခလရ ၉၇ တပ်ရင်းကို KNLAက မယ်တရူလိုကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ၆နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်အုပ်စုဘက်က ၃ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၇ဦးကို အရှင်ဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ တပ်ကြီးတစ်ဦးနဲ့ တပ်သား၂ဦးပါဝင်သလို ဒဏ်ရာရရှိသူတွေထဲမှာ တပ်ခွဲမှူး ၂ဦးနဲ့ ဗိုလ်တစ်ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ RPG 7 ၂ လက်၊ စက်လတ် ၁ လက်၊ K3 မော်တာ ၄ လက်၊ စနိုက်ပါ ၂ လက်၊ MA2 ၆ လက်၊ MA1 ၈ လက်၊ MA3 ၆ လက်အပါအဝင် ကျည်ဆံနဲ့ ဆက်စပ်စစ်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိပြီး လက်ကိုင်ဖုန်းတွေနဲ့ ကျပ်ငွေသိန်း ၃၀ ကျော်ကိုလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
တိုက်ပွဲကို KNLA တပ်မဟာ၅ ဗျူဟာမှူးကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ KNLAဘက်က ၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၄ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ မူတြော်ခရိုင်သတင်းစဉ်က ဖော်ပြထားပါတယ်။
ဓာတ်ပုံ-မူတြော်ခရိုင်သတင်းစဉ်