စစ်ကိုင်းတိုင်း တန့်ဆည်မြို့နဲ့ ရေဦးမြို့အကြားမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခု ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စုက ၄ဦးသေဆုံးကာ အော်တိုသေနတ် ၅လက်နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိတယ်လို့ Phoenix Defence Force – Taze ကသတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၁၂ရက်နေ့ မွန်းလွဲ ၁နာရီခွဲလောက်မှာ တန့်ဆည်-ရေဦးအဝေးပြေးလမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်အုပ်စုရဲ့ ကားတစ်စီးကို စိမ်းစားကျေးရွာအနီးမှာ တန့်ဆည်ဖီးနစ်,Phoenix Defence Force – Taze (တန့်ဆည်မြို့နယ်တပ်မဟာ ၂, တပ်ရင်း ၇, တပ်ခွဲ ၃)နဲ့ ဓူဝံမြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ အထိနာပြီးနောက် ခြေဦးတည့်ရာကို ထွက်ပြေးသွားကြပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လိုက်လံပစ်ခတ်ခဲ့ပေမဲ့ လက်နက်ခဲယမ်း မလုံလောက်တာကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အထိအခိုက်မရှိခဲ့ဘဲ တော်လှန်ရေးရဲဘော်တွေအတွက် လက်နက်ခဲယမ်းလိုအပ်ချက်ပြသနာဟာ အရေးတကြီးဖြစ်နေတာကြောင့် ကူညီထောက်ပံ့ပေးကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။