စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တောင်ကုန်းကျေးရွာဘက်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးစုပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုက ၆ဦးသေဆုံးကာ ၁၇ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဝက်လက် PDFက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က မတ်လ ၁၁ရက်နေ့ မွန်းလွဲ ၂နာရီခန့်မှာ တောင်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဝက်လက် PDF တပ်ရင်း(၂)၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ဖောင်းဒိုင်းပြောက်ကျားတပ်ဖွဲ့၊ တောကြီးမြွေပွေး၊ Mandalay PDF(ပြည်ချစ်သား)တပ်ဖွဲ့၊ Mandalay Prolife တပ်ဖွဲ့နဲ့ ဒေသခံ ပ.က.ဖတို့ ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၇နာရီ နီးပါးအထိ ကြာမြင့်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ စစ်အုပ်စုကို ည၉နာရီခန့်မှာ ဝက်လက်မြို့ဘက်ကနေ တင့်ကားတစ်စီးနဲ့ စစ်ကား၂စီးပါ စစ်အုပ်စုက စစ်ကူရောက်ရှိလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ အင်အား ၆၀ခန့်နဲ့ တောင်ကုန်းကျေးရွာမှာ ဆက်လက်တပ်စွဲထားပြီး အချိန်မရွေး တိုက်ပွဲတွေ ပြန်လည်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။