အာရှလမ်းပိုင်း မြဝတီ-ကော့ကရိတ်ကြားတံတားတစင်း မိုင်းခွဲခံရ

Photo- KIC

ဒီနေ့ မနက်စောပိုင်းကတည်းက မြဝတီမြို့ နဲ့ ကော့ကရိတ်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီး မြဝတီ နဲ့ ကော့ကရိတ်အကြား တောနော်ရေတံခွန်အနီး တံတားတစင်း မိုင်းခွဲခံရတယ်လို့ တော်လှန်ရေး တပ်သားတဦးက ပြောပါတယ် ။

“မိုင်းခွဲသံ ၂ ချက်ကြားရတယ် ၊ ကျွန်တော်တို့နဲ့ ဝေးတော့ အခြေအနေကို သေသေချာချာ မသိရဘူး ၊ တံတားက အရည်အသွေးကောင်းတော့ လုံးဝပြတ်ကျသွားတာမျိုး မဖြစ်ဘူး နည်းနည်းပဲ ပဲ့သွားတယ်လို့ ကြားတယ် ၊ ကားကြီးတွေ သွားလို့မရတော့ဘူး ၊ အိမ်စီးကားတွေပဲ သွားတော့တယ်”လို့ သူက DNA ကိုပြောပါတယ် ။
ဒေသတွင်းသတင်းပေးတွေရဲ့ ပြောပြချက်အရ အာရှလမ်းနေရာတချို့ နဲ့ ကော့ကရိတ်သမိုင်ကုန်း အနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ဖြစ်တဲ့ KNU ရဲ့ တပ်ရင်း ၁၈ ၊ တပ်ရင်း ၂၇ ၊DKBA တပ်ဖွဲ့ ဗိုလ်ချုပ်စောကျော်သက် ဦးဆောင်တဲ့ တပ်ဖွဲ့တွေ အပြင် ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတာပါ ။
နှစ်ဖက် အကျအဆုံးကို တိတိကျကျ မသိရသေးပေမယ် ဒီနေ့ညနေပိုင်းမှာ တော်လှန်ရေး အင်အားစုဘက်က တဦးဒဏ်ရာရခဲ့တာ ရှိတယ်လို့ ကော့ကရိတ် အခြေစိုက် PDF တဦးက ပြောပါတယ် ။ ဒီနေ့ည ၇ ခန့်မှာလည်း ကော့ကရိတ်အနီးမှာ တိုက်လေယဉ်တွေ ဝဲနေခဲ့တယ်လို့ ဆိုပါတယ် ။
အာရှလမ်းပိုင်းနဲ့ ပတ်သက်ပြီး လုံခြုံရေးအခြေအနေကို KNU ဘက် တိတိကျကျ ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် မြေပြင်အခြေအနေမှာတော့ ကားကြီးမောင်းသမားတွေဟာ လုံခြုံရေးအရ မသွားရဲကြတော့ဘဲ အိမ်စီးကားအချို့သာ သွားလာနေကြတယ်လို့ သိရပါတယ် ။
ဒါပေမယ့် ဒီရက်ပိုင်းအတွင်းမှာပဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ မြဝတီကနေ မန္တလေးလေဆိပ်အထိ သယ်ဆောင်မယ့် ဆီကားတွေရဲ့ လမ်းခရီးလုံခြုံရေးကို ကူညီဆောင်ရွက်ပေးဖို့ အကြမ်းဖက်ရဲတွေကို အကူအညီတောင်းခံတဲ့ ရုံးတွင်းစာတစောင် ပေါက်ကြားလာခဲ့ပါသေးတယ် ။