Photo- KNG
မန္တလေးမြို့ဘက်ကနေ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘော၂စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – SGGPDFက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၁၁ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ မြောင်မြို့နယ်အတွင်း ရောက်ရှိလာတဲ့ စစ်အုပ်စုရဲ့ ရေယာဉ် ၂စီးကို SGG PDF စစ်ကိုင်းခရိုင် တပ်ရင်း(၁)၊ တပ်ခွဲ(၁)နဲ့ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ (မြောင်)တို့ ပူးပေါင်းပြီး အဝေးပစ်လက်နက်တွေ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ကာကွယ်ရေး တပ်ဖွဲ့တွေဘက်မှ အဝေးပစ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ထိခိုက်မှု ရှိခဲ့ပြီး စစ်အုပ်စုထောက်ပို့ သင်္ဘောပေါ်မှ မိုးကား အစိမ်းနဲ့အနီ အုပ်ထားတဲ့ အောက်မှာ စစ်အုပ်စု အသုံးပြုတဲ့ ကားတွေ တွေ့ရတယ် ၊ သင်္ဘောမောင်းသူကို ထိမှန်ခဲ့ပြီးနောက် အဲဒီသင်္ဘောနှစ်စီး မြစ်တစ်ဖက်ကမ်း ဆီမီးခုံဘက်ကို ကမ်းကပ်သွားပြီး ထိခိုက်သူတွေကို ဆေးသွားကုတယ်လို့ ယူဆရကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – SGGPDF ကဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ သင်္ဘောပိုင်ရှင်တွေ အနေနဲ့ စစ်အုပ်စုနဲ့ ပက်သက်တဲ့ ပစ္စည်းတွေကို မသယ်ယူဖို့နဲ့ စစ်အုပ်စုကို ထောက်ပံ့ရေးလုပ်ငန်းတွေမှာ မပါဝင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။