ကချင်ပြည်နယ် ရွှေကူမြို့နယ် ချောင်းဝကျေးရွာ လုတ်တိုင်းချောင်းအနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လှေတစ်စီး အတိုက်ခံရပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ရေထဲခုန်ချထွက်ပြေးသွားတယ်လို့ မြို့လှ PDFက ပြောပါတယ်။
ဒီကနေ့ မတ်လ ၁၁ရက်နေ့ မနက် ၁၀နာရီလောက်က ချောင်းဝကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုဟာ ဗန်းမော်မြို့က တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာချိန်မှာ မြို့လှ PDF တပ်ခွဲ (၁) ဗိုလ်မိုဃ်းကြိုးဦးဆောင်တဲ့အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ ဗန်းမော်တပ်ဘက်ကို တပ်ပြောင်းဖို့ထွက်လာတယ်ဆိုတာကို သတင်းရလို့ ကျနော်တို့ကြိုတင်ပြင်ဆင်ပြီး လုတ်တိုင်းချောင်းနားမှာ သွားစောင့်ပြီးတော့ ပစ်တာ။ ကျနော်တို့ဘက်က အသာစီးရနေတော့ သူတို့ဘက်က ပြန်ပစ်နိုင်တဲ့အခြေနေမရှိလို့ထင်တယ် ရေထဲခုန်ချသွားကြတယ်”လို့ မြို့လှ PDFတပ်ဖွဲ့ဝင်တစ်ဦးက ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ KNGမှာ ဖြေကြားထားပါတယ်။
စစ်အုပ်စုရဲ့ စက်လှေမှာ ခမရ ၄၁၄က ဗျူဟာမှူး ကျော်မျိုးထိုက်အပါအဝင်၊ ဗိုလ်ကြီး နေထက်ပိုင်၊ ဆေးတပ်မှ ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သား ၁၀ဦးခန့် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။