စစ်တပ်ပစ္စည်း ပို့ဆောင်ပေးတဲ့ စက်တပ်ယာဉ် မှန်သမျှကို ပြင်းထန်စွာ အရေးယူမယ်လို့ ကနီ PDF ထုတ်ပြန်

အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ဝယ်ယူသယ်ဆောင်ပေးတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ စက်တပ်ယာဉ်မှန်သမျှကို ညှိနှိုင်းမှုမရှိဘဲ ပြင်းထန်စွာအရေးယူသွားမယ်လို့ ကနီ PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ကနီမြို့နယ်အတွင်းရှိ အိမ်စီးကား၊ လိုင်းကား ၊ ကုန်ကားနဲ့ ရေကြောင်း၊ ကုန်းကြောင်း စက်တပ်ယာဉ် ပိုင်ရှင်တွေအနေနဲ့ အကြမ်းဖက်စစ်တပ်၊ သူတို့ရဲ့ထောက်တိုင်၊ ပျူစောထီးတွေနဲ့ ဆက်စပ်တဲ့ ဘာပစ္စည်းကိုမဆို တိုက်ရိုက် (သို့မဟုတ်) နာမည်လွှဲနဲ့ ဝယ်ယူသယ်ဆောင်တင်ပို့ခြင်း လုံးဝမပြုလုပ်ဖို့နဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ဝယ်ယူသယ်ဆောင်တင်ပို့နေတဲ့ ကုန်းကြောင်း ၊ ရေကြောင်း စက်တပ်ယာဉ်အားလုံးရဲ့ စာရင်းကို သိရှိ လေ့လာပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို ဝယ်ယူပို့ဆောင်ပေးနေတာကို တိကျခိုင်လုံစွာ စစ်ဆေးတွေ့ရှိပါက စက်တပ်ယာဉ်တွေနဲ့ တင်ဆောင်လာတဲ့ ပစ္စည်းအားလုံးကို ပြည်သူပိုင်သိမ်းသွားမယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ဆက်စပ်သူတွေရဲ့ ပစ္စည်းကို ဝယ်ယူ ပို့ဆောင်နေတာတွေကို ခိုင်လုံတဲ့အထောက်အထားနဲ့ ပြည်သူတွေ သတင်းပေးကြဖို့လည်း ကနီ PDF က တိုက်တွန်းပါတယ်။