မလိုအပ်ပဲ သုံးဘီးဆိုင်ကယ်တွေနဲ့ မသွားလာဖို့ ၅မြို့နယ် မဟာမိတ်တပ်ပေါင်းစု သတိပေး

ပြည်သူတွေအနေနဲ့ မန္တလေး-ရွှေဘိုလမ်း၊ မန္တလေးမုံရွာလမ်းတွေမှာ မလိုအပ်ပဲ သုံးဘီးဆိုင်ကယ်တွေ အသုံးပြုပြီး သွားလာတာတွေ မလုပ်ဆောင်ဖို့ အရာတော်၊ မြင်းမူ၊ စစ်ကိုင်း၊ မုံရွာနဲ့ ဝက်လက်မြို့နယ် မဟာမိတ်တပ်ပေါင်းစုက ဒီကနေ့ မတ်လ ၉ရက်နေ့မှာ သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်း ပြည်သူအယောင်ဆောင်ကာ အိမ်စီးကားတွေအပြင် ဘုန်းကြီးကား၊ နာရေးကူညီမှုကားတွေအပြင် သုံးဘီးဆိုင်ကယ်တွေနဲ့ပါ သွားလာနေတာကြောင့် ပြည်သူတွေအနေနဲ့ သုံးဘီးဆိုင်ကယ်တွေနဲ့ သွားလာတာတွေကို ယာယီရပ်ဆိုင်းထားပေးဖို့ ထုတ်ပြန်ခဲ့တာပါ။
တားမြစ်ထားတဲ့ လမ်းပိုင်းတွေပေါ်မှာ သုံးဘီးဆိုင်ကယ်တွေနဲ့ ဖြတ်သန်းသွားလာတာတွေကို တွေ့ရှိပါက ထိထိရောက် တိုက်ခိုက်နှိမ်နင်းသွားမယ်လို့ မဟာမိတ်တပ်ပေါင်းစုက ဆိုပါတယ်။
တားမြစ်လမ်းပိုင်းတွေပေါ်မှာ သုံးဘီးဆိုင်ကယ်တွေအနေနဲ့ ပြန်လည်ဖြတ်သန်းသွားလာနိုင်မယ့်အချိန်ကို ထပ်မံအသိပေး ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။