ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး တရုတ်နိုင်ငံကို သွားမယ်

Photo – Reuters

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှယ်ဘာချေးလတ်ဟာ လာမည့်မေလမှာ တရုတ်နိုင်ငံကိုသွားမယ်လို့ သိရပါတယ်။ 

သူရဲ့ ခရီးစဉ်ထဲမှာ ဝေးလံခေါင်သီတဲ့ တရုတ်နိုင်ငံ အနောက်ဘက် Xinjiangဒေသကို သွားရောက်မှာဖြစ်ပြီး အဲဒီဒေသမှာ  ဝီဂါ လူနည်းစု မွတ်ဆလင်တွေ ၁ သန်းလောက် အစုလိုက်အပြုံလိုက် ထိန်းသိမ်းခံထားရတယ်လို့ တက်ကြွလှုပ်ရှားတွေက ဆိုထားပါတယ်။ 

လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း တရုတ်အစိုးရဟာ ဝီဂါ လူမျိုးတွေကို ပညာပေး စခန်းတွေပို့ဆောင်ပြီး အဓမ္မလုပ်အားပေးခိုင်းစေနေတာနဲ့ သားကြောဖြတ်တာတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

တရုတ်အစိုးရ ကတော့ အနောက်နိုင်ငံတွေက စွပ်စွဲထားတာတွေကို ငြင်းပယ်ပြီး ဝီဂါ ပညာပေးစခန်းတွေ ထားရှိတာဟာ အစွန်းရောက် မွတ်ဆလင်တွေ ရန်က ကာကွယ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

မီရှယ်ဘာချေးလတ်ခရီးစဉ်မတိုင်မီ ရှေ့ပြေးအနေနဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ UNOCHA က အဖွဲ့တဖွဲ့ဟာ ဧပြီလထဲမှာ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။

ဒါဟာ ၁၇နှစ်အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတယောက်ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်လည်း ဖြစ်ပါတယ်။ 

၂၀၀၅ ခုနှစ်တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ယူထားတဲ့  Louise Arbour ဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။