မဟာမိတ် ၈ ဖွဲ့စုပေါင်းပြီး ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု ဖွဲ့စည်း

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ဒေသတွင်းအခြေစိုက် UG အဖွဲ့ ၈ ဖွဲ့ ပူးပေါင်းကာ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုအနေနဲ့ ပြည်သူ့ကာကွယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပြီး ခိုးဆိုးလုယက်မှုတွေ၊ လောင်းကစားမှုတွေကိုလည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
တပ်ပေါင်းစုအနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကို စုပေါင်းတွန်းလှန်တိုက်ခိုက်ပြီး မြို့မိမြို့ဖတွေ အသိပညာရှင် အတတ်ပညာရှင်တွေကို ဖိတ်ခေါ်ကာ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
“ပခုက္ကူမြို့နယ်တွင်း လှုပ်ရှားသွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်ပါးစေများ စစ်ဗျူရိုကရက်ယန္တရားဒေါက်တိုင် လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် မိမိတို့၏ပြည်သူ့ကာကွယ်ရေး အုပ်ချုပ်ရေးလုပ်ငန်းစဥ်များအား ထိပါးနှောက်ယှက်ခြင်း မပြုရန် ပြင်းထန်စွာ သတိပေးလိုက်သည်။” လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (PUGF)၊ Young Force-UG၊ Pakokku Generation Z၊ Earthquake People’s Defence Force-UG၊ ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF)၊ Pakokku Rangers၊ RSO နဲ့ Burma Revolution Rangers တို့ ပူးပေါင်းပြီး ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။