အရာတော် ပျူစောထီးတွေ ခေါင်းဆောင်နေရာလုပြီး ပြဿနာတက်နေ

အရာတော်မြို့နယ်ထဲက ပျူစောထီး အုပ်စုတွေကြား ခေါင်းဆောင်နေရာလုကာ ပြဿနာတက်နေကြတယ်လို့ သိရပါတယ်။
မတ်လ (၃) ရက်နေ့က အရာတော်မြို့နယ်၊ သလဲဘာရွာက စစ်‌တပ်အမာခံ ပျူစောထီးခေါင်းဆောင် တောင်ကြီး မိုင်းထိကာ ဆေးကုနေတဲ့အချိန်မှာ သလဲဘာ၊ ဆိတ်ဖူးကြီး၊ စပါးတွင်းနဲ့ ငွေတွင်းကျေးရွာတွေက ပျူစောထီးအဖွဲ့တွေကြား အုပ်စုခေါင်းဆောင်နေရာ လုနေကြကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေး စာမျက်နှာ အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတာကြောင့် လက်နက်အင်အားရှိနေတဲ့ ပျူစောထီးခေါင်းဆောင် တောင်ကြီးဟာ သလဲဘာအုပ်စုတွင်း သောင်းကျန်းအကြမ်းဖက်နေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သူ့ဘာသာ မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲပြီး မျက်နှာတစ်ခြမ်း စုတ်ပြတ်သွားကာ မျက်လုံးတစ်ဖက်ထိခိုက်သွားကြောင်း သိရပါတယ်။
တောင်ကြီးရဲ့ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေက တစ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့ပေမဲ့ ရေရှည်စခန်းသိမ်းထားဖို့ မဖြစ်နိုင်တာကြောင့် ပြန်လည်ဆုတ်ခွာသွားချိန်မှာ ပျူစောထီးတွေက သလဲဘာအုပ်စုကို ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့တယ်လို့ အရာတော်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစု တာဝန်ခံတစ်ဦးက ပြောကြောင်းသိရပါတယ်။
ငွေတွင်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးခေါင်းဆောင် ကျော်ဆွေဟာ တောင်ကြီးအုပ်စု အားနည်းသွားချိန်မှာ အရာတော်အရှေ့နယ်ကို သူတို့ထိန်းနိုင်တယ်ဆိုပြီး လေသံပစ်ကာ အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ခံပံ့ပိုးမှုကို မျှော်လင့်နေကြောင်း ငွေတွင်းပျူအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောတယ်လို့ အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးကဆိုပါတယ်။
မတ်လ (၆) ရက်နေ့ ညနေပိုင်းမှာ အရာတော်မြို့နယ်၊ ဆင်တလည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းနိုင်ကို (၅) မြို့နယ် မဟာမိတ်တပ်‌ပေါင်းစုက ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။