မြန်မာ့အရေးကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး အလေးထား ဆောင်ရွက်သွားမယ်လို့ ဗြိတိန်အစိုးရရဲ့ အာရှရေးရာဝန်ကြီး Ms. Amanda Milling က ပြောပါတယ်။
မတ်လ ၇ ရက်နေ့၊ ဗြိတိန် အစိုးရအဖွဲ့ နိုင်ငံခြားရေးရာဌာန၊ အာရှရေးရာဝန်ကြီး Ms. Amanda Milling နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ အာရှရေးရာဝန်ကြီး Ms. Amanda Milling က အဲဒီလို ထည့်သွင်းပြောခဲ့ပါတယ်။
ဗြိတိန် အစိုးရအနေနဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ ဆက်စပ်တဲ့သူတွေကို စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုနဲ့ ရွေးကောက်ခံအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရကို အားပေးထောက်ခံတယ်ဆိုတာကိုလည်း အာရှရေးရာဝန်ကြီး Ms. Amanda Milling က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါအပြင် အာဆီယံ အထူးကိုယ်စားလှယ်နဲ့ မြန်မာ့ခရီးစဉ်အပေါ် သဘောထား၊ အကျဉ်းထောင်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု၊ ICRC လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍ ၊ အကြမ်းဖက်စစ်တပ်ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှု အုပ်ချုပ်ရေး အခြေအနေ၊ အရပ်သားတွေအပေါ် ဆက်လက်ကျူးလွန်နေတဲ့ ရာဇဝတ်မှု၊ ICC/ICJ နဲ့ တရားမျှတမှု ဖော်ဆောင်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး စတဲ့ အကြောင်းအရာတွေနဲ့ ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တွေဆုံဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဗြိတိန်ဆိုင်ရာ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးမောင်မောင်အောင်နဲ့ ဒေါက်တာသက်ကိုကိုလည်း တက်ရောက်ခဲ့ပါတယ်။