ပဲခူးရိုးမပေါ် ပြည်သူတွေ မတက်ကြဖို့ သတိပေး

PDF သတင်းကို အရပ်ဝတ်တွေနဲ့ အသွင်ယူစုံစမ်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို ချေမှုန်းတော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပဲခူးရိုးမပေါ် ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်က သတိပေးလိုက်ပါတယ်။
မတ်လ ၄ ရက်နေ့က တောင်ငူမြို့အနောက်ဘက် နတ်ရေတွင်းကျေးရွာအနီးရှိ ရကိုင်းချောင်းရိုးတစ်လျှောက်အင်အား ၈၀ လောက်နဲ့ ချီတက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ ၊ တပ်ခွဲ ၁ က လက်ဦးမှုရယူကာ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးလောက် သေဆုံးခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ အရပ်သားအသွင်ယူကာ ပဲခူးရိုးမပေါ် PDF သတင်း လိုက် လံစုံစမ်းနေတယ်လို့ တောင်ငူခရိုင် PDF က သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တောင်ခြေရွာတွေမှာ တပ်စွဲပြီး အရပ်ဝတ်တွေနဲ့ ဆိုင်ကယ်၊ ဖောကားအသုံးပြုကာ ပဲခူးရိုးမပေါ် လှည့်လည်သတင်းစုံစမ်းနေတာကြောင့် ဒီနေ့ကစပြီး ရိုးမပေါ်မှာတွေ့တဲ့ ဆိုင်ကယ်နဲ့ ဖောကားမှန်သမျှကို အကြမ်းဖက်စစ်သားလို့ သတ်မှတ်ပြီး ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
‘အဲဒါကြောင့် ပြည်သူတွေ ရိုးမပေါ်မတက်ကြနဲ့လို့ သတိပေးတာ’ လို့ တောင်ငူမြို့နယ်အတွင်းရှိ PDF ထောက်ပံ့ရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။ပဲခူးရိုးမပေါ်က ဆိုင်ကယ်နဲ့ ဖောကားတွေကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မတ်လ ၄ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာဟာ အမြန်လမ်းအနောက်ဘက် ၈ မိုင်အကွာမှာပါ။
ပုံစာ-မတ် ၄ ရက်နေ့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာ