ပူတင်ကြောင့် နေတိုးပိုအားကောင်းဖို့ ဖြစ်လာရတယ်လို့ စစ်ဦးစီးချုပ်ဟောင်း မှတ်ချက်ချ

Photo – Getty Images
နေတိုးမဟာမိတ်တပ်ဖွဲ့ စစ်ဦးစီးချုပ်ဟောင်း ဂျိမ်းစ်စတာဗရီဒစ်က ပူတင်ကြောင့် နေတိုးပိုအားကောင်းဖို့ ဖြစ်လာရတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။
၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နေတိုးမဟာမိတ်တပ်ရဲ့ စစ်ဦးစီးအဖြစ် ထမ်းဆောင်ခဲ့သူ စတာဗရီဒစ်က မကြာခင်က ဂျာမန်ရဲ့ ကာကွယ်ရေးဘတ်ဂျတ်မြှင့်တင်လျာထားမှုနဲ့ပတ်သက်လို့ မှတ်ချက်ပေးရာမှာ ထည့်သွင်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။
သူတာဝန်ထမ်းဆောင်စဉ်က လေးနှစ်လုံးလုံး ဂျာမနီကို ကာကွယ်ရေးစရိတ်တိုးသုံးဖို့ တိုက်တွန်းခဲ့တာ မအောင်မြင်ပေခဲ့မယ့် “ပူတင်ကြောင့် ၄၈ နာရီအတွင်းမှာ ဂျာမန်က ကာကွယ်ရေးဘတ်ဂျတ်ကို နှစ်ဆတိုးသုံးဖို့ ဆုံးဖြတ်ခဲ့တာ” လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဥရောပတိုက်ရဲ့ စီးပွားရေးအင်အားအကြီးဆုံး ဂျာမနီဟာ စစ်ရေးအတွက် ငွေလုံးငွေရင်းအသုံးစရိတ် ယူရို ဘီလီယံ ၂၀၀ သုံးစွဲဖို့ သတ်မှတ်ခဲ့တာဖြစ်ပြီး ဒါဟာ နိုင်ငံ့ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းမက ပိုပါတယ်။ ဒီလို စစ်ရေးအတွက် ရန်ပုံငွေအပိုထားရှိတာဟာ ဂျာမနီရဲ့ လုံခြုံရေးအတွက်ဖြစ်သလို နေတိုးအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေမှာ ဖြည့်ဆည်းနိုင်ဖို့လည်း ဖြစ်တယ်လို့ သိရပါတယ်။
ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးဖြစ်တဲ့ စတာဗရီဒစ်က ပူတင်အနေနဲ့ နျူလက်နက်တွေ သုံးဖို့အလားအလာမရှိဘူးလို့ သုံးသပ်ထားပါတယ်။ တကယ်လို့ နေတိုးနဲ့ ရုရှားထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာရင် နေတိုးမဟာမိတ်ရဲ့ စစ်ရေးသုံးစွဲမှုက ရုရှားထက် ၁၅ ဆ သာတယ်ပြီး၊ မြေပြင်တပ်အင်အားကလည်း လေးဆတစ်ဆ၊ လေကြောင်းအရ အသာစီးရနိုင်မှု ငါးဆတစ်ဆ၊ စစ်သင်္ဘောအင်အား ခြောက်ဆတစ်ဆ သာလွန်တယ်လို့ ဆိုပါတယ်။